ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် မဲစာရင်းပြုစုရာ၌ မတူပီ၊ ကန်ပက်လက်၊ တမူး မဲဆန္ဒနယ် အပါအဝင် နေရာငါးနေရာ မဲစာရင်းပြုစုပြီးစီး

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် မဲစာရင်းပြုစုရာ၌ မတူပီ၊ ကန်ပက်လက်၊ တမူး မဲဆန္ဒနယ် အပါအဝင် နေရာငါးနေရာ မဲစာရင်းပြုစုပြီးစီး
Published 27 May 2018

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ လမ်းမတော်မြို့နယ်ရှိ အမှတ် (၆) ရပ်ကွက်တွင် ကြေညာထားသည့် မဲစာရင်းအား လာရောက်ကြည့်ရှုနေကြသူများ

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် မဲစာရင်းပြုစုရာ၌ မတူပီ၊ ကန်ပက်လက်၊ တမူး မဲဆန္ဒနယ် အပါအဝင် မဲဆန္ဒနယ် ငါးနေရာ မဲစာရင်း ပြုစုပြီးစီးပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က The Daily Eleven သတင်းစာကို ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ်ကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

လက်ရှိတွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် မတူပီ မဲဆန္ဒနယ်တွင် မဲဆန္ဒရှင် ၁၇၄၈၉ ဦး၊ ကန်ပက်လက် မဲဆန္ဒနယ်တွင် ၁၂၄၇၅ ဦး၊ တမူးမဲဆန္ဒနယ်တွင် ၃၄၈၃၂ ဦးရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

“မဲစာရင်းက တော်တော်များ တချို့နေရာတွေလည်း ပြီးပါပြီ။ ငါးနေရာလောက် ပြီးပါပြီ။ မတူပီ၊ ကန်ပက်လက်၊ တမူး၊ မင်းဘူး (၂) တို့ ပြီးကုန်ကြပြီ။ အကြမ်းပြုစုထားတာပေါ့။ ဒါလည်း အတည်မဟုတ်သေးဘူးပေါ့နော်။ ဖြည့်တာတွေ ဘာတွေ လာဦးမှာပေါ့။ မတူပီဆိုလို့ရှိရင် အရင် ၂၀၁၅ တုန်းကဆိုရင် ၁၆၄၄၅ အခုဆိုရင် ၁၇၄၈၉ ပေါ့။ ဒါက ပြန်ပြီးတော့ မဲစာရင်းကပ်တော့ အတိုးအလျှော့ တွေ့နိုင်သေးတာပေါ့နော်။ ကန်ပက်လက်ဆိုရင် အရင်တုန်းက ၁၁၄၈၄ ပေါ့။ အခု ၁၂၄၇၅ ပေါ့။ နောက်တမူး ဆိုလို့ရှိရင် ၃၂၁၅၈။ အခုဆိုရင် ၃၄၈၃၂။ ပိုတာပဲရှိတာပေါ့။ မင်းဘူး (၂) ဆိုရင် ၆၆၁၂၉ ပေါ့။ အခုက ၆၈၀၀၀ ကျော်ပေါ့။ ဒါကတော့ အကြမ်းပြုစု ထားတာပေါ့နော်။ ကပ်တဲ့အခါကျတော့ လာကြည့်ကြ၊ ပြင်ကြ၊ ဖြည့်ကြဦးမှာပေါ့” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းကို ဧပြီ ၁၉ ရက်မှစတင်ကာ ပြုစုလျက်ရှိပြီး မေလကုန်တွင် အပြီးပြုစုရန် လျာထားကြောင်း သိရသည်။

သို့သော် မဲဆန္ဒရှင် နှစ်သိန်းကျော်ရှိသည့် မြင်းခြံမဲဆန္ဒနယ်တွင် အနည်းငယ် နောက်ကျနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းကြေညာရာ၌ အိမ်ထောင်စုအလိုက် ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် လေးနေရာ၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် တစ်နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ရှစ်နေရာတို့ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ်ရှိ မဲစာရင်းများကို ဇွန်လကုန် သို့မဟုတ် ဇူလိုင်လ ပထမပတ်တို့တွင် ကြေညာရန် လျာထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားထားသည်။

ထို့ပြင် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဇူလိုင် ၂ ရက်မှ စတင် တင်သွင်းနိုင်ပြီး ဇူလိုင် ၁၁ ရက်တွင် နောက်ဆုံး တင်သွင်းရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေ ၂၅ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ထို့အတူ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ ရုပ်သိမ်းလိုပါက ဇူလိုင် ၁၃ ရက်တွင် နောက်ဆုံး ရုပ်သိမ်းနိုင်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ဇူလိုင် ၁၆ ရက်မှ ၂၂ ရက်အထိ စိစစ်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

တည်ဆဲနိုင်ငံရေးပါတီ ၉၃ ပါတီသို့ မေ ၁၅ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည့် ကြေညာချက်အား ပေးပို့ထားပြီး ပါတီဆက်လက် ရပ်တည်ရန် မဲဆန္ဒနယ် သုံးနေရာ မဖြစ်မနေ ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံရေးပါတီ ခုနစ်ပါတီရှိကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိ ပြည်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် မဲပေးနိုင်ရေး ပုံစံ ၁၅ များကို သက်ဆိုင်ရာ မြန်မာသံရုံးများသို့ မကြာမီပေးပို့နိုင်ရေး နိုင်ငံခြားရေး ဝန်ကြီးဌာန သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent