ပြည်သူ့စစ်မှုထမ်းရန် ဆန္ဒပြုသူများသည် အမှန်တကယ်ဆန္ဒပြုသူများ ဖြစ်ရန်လိုပြီး အတင်းအကျပ် ဆန္ဒပြုခြင်းမရှိစေရေး အောက်ခြေတွင် ရပ်/ကျေး တာဝန်ရှိသူများကို ကြပ်မတ်ရန် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြောကြား

ပြည်သူ့စစ်မှုထမ်းရန် ဆန္ဒပြုသူများသည် အမှန်တကယ်ဆန္ဒပြုသူများ ဖြစ်ရန်လိုပြီး အတင်းအကျပ် ဆန္ဒပြုခြင်းမရှိစေရေး အောက်ခြေတွင် ရပ်/ကျေး တာဝန်ရှိသူများကို ကြပ်မတ်ရန် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြောကြား
Published 3 April 2024

ပြည်သူ့စစ်မှုထမ်းရန် ကိုယ်တိုင်ဆန္ဒပြုသူများသည် အမှန်တကယ်ဆန္ဒပြုသူများ ဖြစ်ရန်လိုအပ်ပြီး အတင်းအကြပ် ဆန္ဒပြုစေခြင်းမျိုးမရှိစေရေး အောက်ခြေတွင် အကောင်အထည်ဖော်သည့် ရပ်/ကျေး တာဝန်ရှိသူများအား သေချာစွာကြပ်မတ်လမ်းညွှန်ရန် လိုအပ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

ဧပြီ ၂ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောင်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Online မှ တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ဗဟိုအဖွဲ့အနေဖြင့် လုပ်ငန်းအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်း တာဝန်ပေးအပ်ပြီး ရည်မှန်းချက် တာဝန်များပြီးမြောက်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ရေးဆွဲထားရှိမှုကို ဗဟိုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များက တင်ပြလာသည့် အကြံပြုချက်များမှ ပြင်ဆင်သင့်သည်များ၊ ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်၍ အပြီးသတ်ရေးဆွဲထားသည့် နည်းဥပဒေ (မူကြမ်း)အား ရေးထုံးရေးနည်း စိစစ်ရန်နှင့် ဥပဒေကြောင်းအရ သဘောထားပြန်ကြားပေးပါရန် ဥပဒေရေးရာဝန်ကြီးဌာနသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

ဥပဒေရေးရာဝန်ကြီးဌာနမှ ရေးထုံးများစိစစ်ပြီး အကြံပြုချက်များ ပေးပို့လာပါက အကြံပြုချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်၍ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး ကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူပြီး နည်းဥပဒေ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် ပထမဦးဆုံး ဖွင့်လှစ်မည်သင်တန်းကို ၂၀၂၄ ခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်ရန် ပြင်ဆင်သတ်မှတ်ခဲ့ပြီး သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် စာရင်းဇယားများပြုစုရာ၌ စနစ်တကျဖြစ်စေရေးနှင့် SOP တွင် သတ်မှတ်ပေးထားသည့် ပုံစံများဖြည့်သွင်းရာတွင် တစ်ပြေးညီဖြစ်စေရေးအတွက် ဗဟိုအဖွဲ့မှ Excel Format များ ရေးဆွဲ၍ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဝေပေးထားပြီး ဖြည့်သွင်းမည့်အချက်များအား နည်းစနစ်မှန်ကန်စွာ ဖြည့်သွင်းနိုင်ရန် Online မှ သင်တန်းပို့ချခဲ့ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှလည်း မြို့နယ်အဖွဲ့များအထိ ဆင့်ပွားသင်တန်းများ ပို့ချသွားရန် ညွှန်ကြားထားကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းထားနိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်းကောက်ယူခြင်း၊ ဆေးစစ်ခြင်းနှင့် အကျုံးဝင်သူများကို ဆင့်ခေါ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ပေးပို့လာသည့် စာရင်းများတွင် ပြည်သူ့စစ်မှုထမ်းရန် ကိုယ်တိုင်ဆန္ဒပြုသူများစွာ ပါဝင်သည်ကို တွေ့ရသော်လည်း ဆန္ဒပြုသူများအနေဖြင့် အမှန်တကယ်ဆန္ဒပြုသူများ ဖြစ်ရန်လိုအပ်ပြီး အတင်းအကြပ် ဆန္ဒပြုစေခြင်းမျိုးမရှိစေရေး အောက်ခြေတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရပ်/ကျေး တာဝန်ရှိသူများအား သေချာစွာကြပ်မတ်လမ်းညွှန်ရန် လိုအပ်ကြောင်း ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ နည်းဥပဒေနှင့် စပ်လျဉ်းသည့် အကြံပြုချက်များကို တင်ပြပေးစေလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်း သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးနှင့် သတ်မှတ်အရေအတွက် ပြည့်မီစွာ သင်တန်းစေလွှတ်တက်ရောက်နိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်းလည်း ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွင့်လှစ်ထားသည့် Call Center များတွင် တာဝန်ထမ်းဆောင်ကြသူများကို ယဉ်ကျေးစွာပြောဆိုဖြေကြားနိုင်သူများအား တာဝန်ပေးအပ်ပြီး ပြည်သူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် အလေးအနက်ထား ဖြေကြားရန် လိုအပ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးကိစ္စရပ်များအား မြေပြင်တွင်ဆောင်ရွက်နေကြသူများအနေဖြင့် စစ်မှုထမ်းရန် အကျုံးဝင်သူများအား စာရင်းဇယား မှန်ကန်တိကျစွာဖြင့် မသမာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

Most Read

Most Recent