(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရာသီဥတုအခြေအနေကြောင့် ညနေပိုင်းတွင် ကျင်းပခြင်းဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား

(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရာသီဥတုအခြေအနေကြောင့် ညနေပိုင်းတွင် ကျင်းပခြင်းဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 26 March 2024

 (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရာသီဥတုအခြေအနေကြောင့် ညနေပိုင်းတွင် ကျင်းပခြင်းဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

(၇၉)နှစ်မြောက် တပ်တော်နေ့စစ်ရေးပြအခမ်းအနားနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“တပ်မတော်နေ့ကို ညနေပိုင်း ညပိုင်းစစ်ရေးပြအခမ်းအနား ပြုလုပ်မှုနဲ့ပတ်သက်ပြီး ၁၉၅၄ ခုနှစ် (၉) နှစ်မြောက် တပ်မတော်နေ့ကနေ ၁၉၆၇ ခုနှစ် (၂၂)နှစ်မြောက် တပ်မတော်နေ့အထိ (၁၄) ကြိမ်တိုင်တိုင် ညနေပိုင်း ညပိုင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ညနေပိုင်း ညပိုင်းမှာ ကျင်းပရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ရာသီဥတုအခြေအနေအရ ဖြစ်ပါတယ်။ ဒီနှစ်ဟာ အယ်လ်နီညို ကျရောက်နေတဲ့နှစ် ဖြစ်တဲ့အတွက်ကြောင့်မလို့ ရာသီဥတု အခြေအနေအရလည်း ညနေပိုင်း ညပိုင်းမှာ ကျင်းပရခြင်းဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ ညပိုင်းမှာ စစ်ရေးပြအခမ်းအနား ကျင်းပချိန်မှာ လေယာဉ် ရဟတ်ယာဉ်များရဲ့ ညဘက် စွမ်းရည်ပြ အလေးပြုပျံသန်းမှုကို ထူးခြားစွာ တွေ့မြင်ရမှာဖြစ်ကြောင်း ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအား ၂၀၂၄ ခုနှစ် မတ် ၂၇ ရက် ညနေပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်နေ့ကို ၁၉၄၆ ခုနှစ်မှစတင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ကျင်းပရာတွင် မနက်ပိုင်း ကျင်းပခြင်းများရှိခဲ့သလို ညနေပိုင်း ညပိုင်းများတွင် ကျင်းပခြင်းများလည်း ရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် မတ် ၂၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ နေပြည်တော် စစ်ရေးပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြ လေ့ကျင့်မှုများ ဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

Most Read

Most Recent