လူထုတွေ့ဆုံပွဲ မရှိဘဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့ခေါင်းဆောင် KNU အထွေထွေအတွင်းရေးမှူး ပြောကြား

လူထုတွေ့ဆုံပွဲ မရှိဘဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့ခေါင်းဆောင် KNU အထွေထွေအတွင်းရေးမှူး ပြောကြား
Published 11 January 2018

လူထုတွေ့ဆုံပွဲ မရှိဘဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း တစ်နိုင်ငံလုံးပ စ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) ခေါင်းဆောင် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၁၁ ရက်မှ ၁၂ ရက်အထိ ပြုလုပ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးပြုလုပ်ရခြင်း အကြောင်းနှင့်ပတ်သက်၍ NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ NCA-S-EAO ရုံးက ပဒိုစောတာဒိုမူးအား မေးမြန်းထားသည့် အင်တာဗျူး အစီအစဉ်တွင် ၎င်းက ထိုသို့ပြောကြားထားခြင်း ဖြစ်သည်။

လက်ရှိ သွားနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြုလုပ်သည့် Public Consultation (လူထုတွေ့ဆုံပွဲ) နှင့်ပတ်သက်၍ အစိုးရဘက်မှ အဆိုပါ လူထုတွေ့ဆုံပွဲလုပ်ရန် မလိုအပ်ဟု ဆိုသည့်အမြင်နှင့် UPDJC အတွင်းရေးမှူး အစည်းအဝေးတွင် ပြောလာမှုများရှိကြောင်း၊ PPST အနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြန်တိုင်ပင်သင့်သည်ဟု ယူဆကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲ၏ အဓိကအနှစ်သာရသည် ပြည်သူလူထုနှင့် တွေ့ဆုံပြီး သဘောထားရယူမှုများ လုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး အခင်းအကျင်းသစ် တစ်ခုထဲတွင် အတူတကွ ပါဝင်နိုင်သည်ဆိုသည့် အခင်းအကျင်းတစ်ခုကို ဖန်တီးရန်လိုကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မူလက သဘောတူထားကြသည့် အခြေခံက နိုင်ငံရေးယဉ်ကျေးမှု အသစ်ဖြစ်သော တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဆိုသည့် အခြေခံကိုလုပ်သည့်နေရာတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ရမည်ဖြစ်သည့်အပြင် ပြည်သူလူထုများ၏ အသံများကို မိမိတို့က ယူဆောင်ပေးရမည် ဖြစ်ကြောင်း၊ ထိုသို့ လူထုအသံများ ရယူသည့် လူထုတွေ့ဆုံ ပွဲများ ကန့်သတ်မှု ကြုံလာရသည့်အတွက် PPST ထံ လမ်းညွှန်မှုတောင်းခံရန် PPST အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောကြားသည်။

“နှစ်ပေါင်း ၆၀ ကျော်လောက် ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အကုန်လုံးက ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ ဘယ်လိုအခြေခံပြီး ဖြေရှင်းမယ်ဆိုတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တစ်ဆင့်သွားရမှာ ဖြစ်တယ်ဆိုတဲ့ အခြေခံရှိတယ်။ ဒါပေမဲ့ တစ်ခါတည်းမှာပဲ ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားတဲ့နေရာမှာလည်း ပြည်သူလူထုတွေကနေပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ သူတို့သဘောထားဆန္ဒတွေ ပါဝင်အောင် တင်ပြရမယ့်အပိုင်းတွေလည်း ရှိမှာပေါ့နော်။ ဒါကြောင့် Public Consultation တွေက အရေးကြီးတယ်ဆိုတာကို ပြောခြင်းဖြစ်တယ်။ ဒါကြောင့် ဒီ Public Consultation တွေ အရေးကြီးတဲ့အပိုင်းတွေ မှာ ကန့်သတ်မှုတွေ ကြုံလာရတဲ့အတွက်ကြောင့်မို့လို့ PPST ဆီကပြန်ပြီးတော့ လမ်းညွှန်မှုကို ပြန်တောင်းပြီးတော့ ဘယ်လိုပြန်ပြီး အဖြေရှာကြမလဲဆိုတဲ့ဟာက အဓိကဖြစ်ပါလိမ့်မယ်”ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တင်ပြရမည့် ကိစ္စရပ်များအား ပြည်သူလူထုနှင့် တွေ့ဆုံကာ လူထု၏ သဘောထားရယူရခြင်း ဖြစ်သည့်အတွက် လူထုတွေ့ဆုံပွဲများသည် အရေးကြီးကြောင်း၊ ဒီမိုကရေစီကို သွားမည်ဟုပြောသည့်အခါ ဒီမိုကရေစီတွင် လူများ၏ ပါဝင်ခွင့်၊ အသံများ ပါဝင်ခွင့်ကို မိမိတို့ လေးစားရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အဲဒီအတွက်ကြောင့် Public Consultation တွေဟာ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီးတော့ ခေါင်းနဲ့ပန်းဖြစ်ပါတယ်။ Public Consultation မရှိဘဲနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေခံဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ခေါင်းနဲ့ပန်းဖြစ်တဲ့ Value ကို ထိန်းသိမ်းပြီးတော့ ဒီမိုကရေစီရဲ့ အခြေခံကို တန်ဖိုးထားခြင်းအားဖြင့် ကျွန်တော်တို့အားလုံး သဟဇာတရှိတဲ့ ကျွန်တော်တို့အားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်းတစ်ခုကနေ ကျွန်တော်တို့နိုင်ငံကို ပြန်လည်ပြီး တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ တစ်ဆင့် ကျွန်တော်တို့ ပြန်လည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် Stakeholders များ၏ အမြင်များသည် မတူညီကြောင်း၊ မိမိတို့ Common Vision မရှိဟု ပြောရမည်ဖြစ်ကြောင်း၊ ယခင် အစိုးရကာလ က NCCT နှင့် UPWC အနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်ရာတွင် စာတစ်တန် ပေတစ်ရွက်ဖြင့် စာချုပ်ထဲတွင် ထည့်မရေးထားဘဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဟု ပြောလိုက်သည်နှင့် အကုန်ခြုံသွားသည့် အချက်မျိုး ဖြစ်ကြောင်း၊ သို့သော် ယခုအစိုးရသစ်ကာလ ရောက်လာသည့်အခါ စာတစ်တန် ပေတစ်ရွက် မရှိသည့်အပိုင်းအား ထောက်ပြကာ လူထုတွေ့ဆုံပွဲများနှင့် ပတ်သက်၍ ToR (လုပ်ငန်းလမ်းညွှန်) ထဲတွင် မရှိသဖြင့် လုပ်မရဟုဆိုကာ Technical Perspective မှ Peace Process ကို ကြည့်သည့်အခါ အခက်အခဲများ ကြုံရခြင်းဖြစ်ကြောင်း ပဒိုစောတာဒိုမူးက Bilateral aggrement နှင့် NCA အရ လူထုတွေ့ဆုံပွဲများ လွတ်လွတ်လပ်လပ်လုပ်၍ ရသော်လည်း UPDJC အတွင်းရေးမှူး အစည်းအဝေးတွင် လုပ်ဆောင်၍ မရကြောင်း ဆွေးနွေးလာသည့် အခြေအနေအပေါ် ရှင်းလင်း ပြောကြားသည်။

“အဲဒါမှာ အခက်အခဲက သွားကြုံရပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က Very Technical ဖြစ်နေတဲ့ဟာက အခက်အခဲပါ။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံပြီးတော့ Reconciliation ကို အခြေခံပြီးတော့ ညှိနှိုင်းတိုင်ပင်တဲ့ ကိစ္စတွေကို နေရာတိုင်းမှာ လုပ်ဖို့လိုပါတယ်။ အဲဒီလို ညှိနှိုင်းတိုင်ပင်မှုတွေမှာ အလွတ်သဘော သဘောတူထားကြတဲ့ အရာတိုင်းကိုလည်း စာတစ်တန် ပေတစ်ရွက်နဲ့ တင်လို့မဖြစ်နိုင်ပါဘူး။ ယုံကြည်မှုကို တည်ဆောက်တဲ့ နေရာမှာ အဲဒီယုံကြည်မှု တည်ဆောက်တဲ့ အခြေခံကနေတစ်ဆင့်ချင်းဆီ သွားရတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ Technically ToR ထဲမှာ မပါလို့ လုပ်လို့မရဘူး ဆိုတဲ့ဟာမျိုးဆိုတဲ့ ပုံစံမျိုးကတော့ ကျွန်တော်တို့ မဖြစ်သင့်ဘူးဆိုတဲ့ အခြေခံမျိုးကို ကျွန်တော်တို့မြင်တယ်။ အဲဒီအတွက်ကြောင့် ဒီဟာကို ကျွန်တော်တု့ိ PPST မှာပြန်ပြီး အဖြေရှာဖို့ ကျွန်တော်တို့ အစည်းအဝေးခေါ်ဖို့ စဉ်းစားထားတာ ဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူး က ပြောကြားသည်။

သို့ဖြစ်၍ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်တွင် ကျင်းပရန် ဆုံးဖြတ်ထားသော်လည်း ထပ်မံ ရွှေ့ဆိုင်းခြင်း ရှိ မရှိမှာ PPST အစည်းအဝေးပေါ် မူတည်ကြောင်း ပဒိုစောတာဒိုမူးက ဆိုသည်။

Most Read

Most Recent