လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်စေမည့် လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ ၂၄ ပါတီ ပူးတွဲထုတ်ပြန်

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်စေမည့် လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ ၂၄ ပါတီ ပူးတွဲထုတ်ပြန်
Published 19 March 2024

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်စေမည့် လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၂၄ ပါတီက ပူးတွဲထုတ်ပြန်ခဲ့သည်။ 

မတ် ၁၆ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၂၄ ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် ယင်းအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ ရှိခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုများအပေါ် လိုအပ်သလို ပြန်လည်စိစစ်ခြင်းများ ဆောင်ရွက်ပေးရန် အဖွဲ့အစည်းအသီးသီးက နည်းလမ်းမျိုးစုံဖြင့် ကြိမ်ဖန်များစွာ ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ဆောင်ရွက်ခွင့်မရခဲ့ခြင်းကြောင့် ပြည်သူတို့၏ ဆန္ဒအမှန်ဖြင့် ရွေးချယ်မှုဟူသည့် ရည်မှန်းချက်လမ်းကြောင်းမှာ သွေဖည်လွဲချော်ခဲ့ရသည်ဟု သုံးသပ်ရမည်ဖြစ်ကြောင်း၊ အဆိုပါအခြေအနေများအပေါ် မူတည်၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ တပ်မတော်က နိုင်ငံတော်တာဝန်များကို ထိန်းသိမ်းရယူကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်း ငါးရပ်နှင့် ဦးတည်ချက် ကိုးရပ်တို့ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံရေးပါတီ ၂၄ ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နစက တာဝန်ယူချိန်မှစ၍ ယနေ့အထိ နိုင်ငံရေးသဘောထား မတိုက်ဆိုင်သူ အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က နိုင်ငံအတွင်းရှိ နိုင်ငံပိုင်/ ပုဂ္ဂလိကပိုင် အခြေခံအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ ရဟန်းသံဃာအပါအဝင် ပြည်သူများအား သတ်ဖြတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ နှစ်နှစ်တာကာလအတွင်း လူနေအိမ်/ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံရမှု ၁၆၆၁ ကြိမ်၊ စက်ရုံ/ အလုပ်ရုံ/ စူပါမားကတ် မီးရှို့ဖျက်ဆီးခံရမှု ၄၄ ကြိမ်၊ ရုံး၊ အဆောက်အအုံ တိုက်ခိုက်ခံရမှု ၁၀၉ ကြိမ်၊ လမ်း/ တံတား ဖောက်ခွဲဖျက်ဆီးခံရမှု ၈၅၆ ကြိမ်၊ ဌာနဆိုင်ရာရုံး/ အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံရမှု ၉၇၆ ကြိမ်၊ လက်ပစ်ဗုံး/လက်လုပ်ဗုံး ပစ်ခတ်တွေ့ရှိမှု ၆၈၄၅ ကြိမ်နှင့် ပြည်သူ ၈၉၂၈ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း နိုင်ငံရေးပါတီ ၂၄ ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုသို့သော လုပ်ရပ်များကြောင့် နိုင်ငံ့ဘဏ္ဍာများဖြင့် နှစ်ကာလကြာရှည်စွာ တည်ဆောက်ခဲ့ရသော အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ပြုပြင်ရမည့် လုပ်ငန်းများသည် နိုင်ငံ့အနာဂတ်အတွက် အခက်အခဲများ ရှိနေဦးမည်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများအပြင် စိတ်ပိုင်းဆိုင်ရာနှင့် လူ့စွမ်းအား အရင်းအမြစ် ထိခိုက်ပျက်စီးမှုများရှိနေကြောင်း နိုင်ငံရေးပါတီ ၂၄ ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များကို ပြင်းထန်စွာ ဆန့်ကျင်၊ ကန့်ကွက်၊ ရှုတ်ချကြောင်း နိုင်ငံရေးပါတီ ၂၄ ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent