ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး - မန္တလေး ပြည်ထောင်စုကားလမ်းပေါ်ရှိ ဂုတ်တွင်းလမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး - မန္တလေး ပြည်ထောင်စုကားလမ်းပေါ်ရှိ ဂုတ်တွင်းလမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွား
Published 21 September 2018

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ် ကျောက်မဲမြို့နယ် ၊ပင်ပေါကျေးရွာနှင့် နောင်ချိုမြို့ကြားရှိ ဂုတ်တွင်းလမ်းတွင် ၂၂ ဘီးတွဲကားတစ်စီးသည် စက်တင်ဘာ ၂၁ ရက် (ယနေ့) နံနက် ၁၁ နာရီအချိန်က တိမ်းမှောက်မှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကော်ဖြတ်စအိတ်များ တင်ဆောင်ကာ မန္တလေးဘက်မှ မူဆယ်ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ၂၂ ဘီး တွဲကားယာဉ်သည် ဂုတ်တွင်းလမ်း ဒေသအခေါ် ကုလားမကွေ့ မိုင်တိုင်အမှတ် ၈၃/၄ တွင် တိမ်းမှောက်ခြင်းဖြစ်ပြီး အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကုန်တင်ယာဉ်ကြီးများ လမ်းပြန်ပွင့်မည့်အချိန်အား စောင့်ဆိုင်းခဲ့ရကြောင်းသိရသည်။

“မန္တလေးဘက်ကနေလာတဲ့ ၂၂ ဘီး တွဲကား ဂုတ်တွင်းလမ်း နောင်ချိုဘက်အခြမ်း မိုင်တိုင်အမှတ် ၈၃/၄ နားမှာ တိမ်းမှောက်တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ၆ ဘီးနဲ့အထက် ယာဉ်တွေ သွားလို့မရသေးပါဘူး။ အိမ်စီးကားတွေလောက်ပဲ ဖြတ်သန်းသွားလာလို့ ရပါသေးတယ်။ လတ်တလောမှာ မှောက်သွားတဲ့ကားကို ကရိန်းနဲ့ ပြန်ထောင်ဖို့လုပ်နေပါပြီ။ ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေကလည်း ယာဉ်ကြော ထပ်မှန်ပိတ်ဆို့မှု မဖြစ်စေရေးအတွက် အချိန်နဲ့တပြေးညီ ဆောင်ရွက်နေပါတယ်။” ဟု ကျောက်မဲမြို့ အမှတ် (၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ကျော်ထွန်းက ပြောသည်။

တိမ်းမှောက်သည့်ကားအား ကရိန်းဖြင့် ပြန်လည်တည့်မတ်စဉ် မန္တလေးဘက်မှ လာသည့် ကုန်တင်ယာဉ်များအား နောင်ချိုမြို့အထွက် အော်ရီယမ်တယ်တိုးဂိတ် နှင့် မူဆယ်၊ လားရှိုးတို့ဘက်မှလာသည့် ကုန်တင်ယာဉ်များအား ဇီးပင်စခန်းအနီး မိုးမြင့်သာ စားသောက်ဆိုင်အနီးတို့တွင် စောင့်ဆိုင်းစေမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့် ယာဉ်အား မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ကရိန်းဖြင့် ပြန်လည်တည့်မတ်နိုင်ခဲ့သဖြင့် စောင့်ဆိုင်းနေသော ယာဉ်များအား လမ်းပိတ်ဆို့မှုမြ ဖစ်စေရေးအတွက် အလှည့်ကျ ဖြတ်သန်းခွင့်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent