နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုဝေဖန် ပုတ်ခတ်သည့်စာများ Facebook တွင် ရေးသားသည် ဟုဆိုကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၂၄ (က) ဖြင့် စွဲချက်တင်ခံရသော ငါးမင်းဆွေကို လာမည့်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမှတ်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုဝေဖန် ပုတ်ခတ်သည့်စာများ Facebook တွင် ရေးသားသည် ဟုဆိုကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၂၄ (က) ဖြင့် စွဲချက်တင်ခံရသော ငါးမင်းဆွေကို လာမည့်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမှတ်မည်
Published 12 September 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုဝေဖန် ပုတ်ခတ်သည့်စာများ Facebook တွင် ရေးသားသည် ဟုဆိုကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၂၄ (က) ဖြင့် စွဲချက်တင်ခံရသော ငါးမင်းဆွေကို လာမည့်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

ငါးမင်းဆွေအား စက်တင်ဘာ ၁၁ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားလိုဘက်မှ ခရိုင်ဥပဒေ အရာရှိနှင့် ငါးမင်းဆွေတို့က အပြီးသတ် နှစ်ဖက်လျှောက်လဲချက်ပေးရာ စက်တင်ဘာ ၁၈ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ရန် တရားသူကြီးက ပြန်လည်ချိန်းဆို ခဲ့ခြင်းဖြစ်သည်။

အမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ တရားသူကြီးထံ လျှောက်ထားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ဖြစ်သည့်အပြင် ငြိမ်းချမ်းရေးတို့ကို ဦးစီးဦးရွက်ပြု၍ ဆောင်ရွက်နေသူ တစ်ဦးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ငါးမင်းဆွေ၏ ဝေဖန်ပုတ်ခတ် ဆဲဆိုရေးသားမှုများသည် ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အစိုးရအပေါ် အများပြည်သူက မလိုမုန်းထား မေတ္တာပျက်စေရန် ရည်ရွယ်သော ဆောင်ရွက်ချက်များ ဖြစ်သဖြင့် ငါးမင်းဆွေကို ဥပဒေအရ ပြစ်ဒဏ်စီရင်ပေးရန် လျှောက်လဲခဲ့သည်။

အမှုအား ရှေ့နေမခေါ်ဘဲ ကိုယ်တိုင်ထုချေနေသည့် ငါးမင်းဆွေက တရားသူကြီးထံ လျှောက်ထားရာတွင် ၎င်းသည် အမျိုးသား ရင်ကြားစေ့ရေးအတွက် ရေးသားခဲ့ခြင်းဖြစ်ကြောင်း၊ ဆဲဆိုခဲ့သည့်စာများ ရှိသော်လည်း နာမည်တပ်မထားကြောင်း၊ ၎င်းအနေဖြင့် နိုင်ငံပိုင် သတင်းစာများတွင် စတင်ရေးသားစဉ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နိုင်ငံတော်၏ အကြည်ညိုခံ ဖြစ်စေလို၍ ရေးသားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က ဖြင့် ငြိစွန်းခြင်း မရှိကြောင်း လျှောက်ထားခဲ့သည်။

ထို့ပြင် ၎င်းတို့နှစ်ဦးက တရားသူကြီးထံသို့ စာဖြင့်ရေးသား၍လည်း လျှောက်ထားခဲ့ကြသည်။ ငါးမင်းဆွေကို လှိုင်မြို့နယ် လှိုင်မြင့်မိုရ်အိမ်ရာ မာဃလမ်း ၁၀ ရပ်ကွက်ရှိ နေအိမ်တွင် ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပုဒ်မ-၁၂၄ (က)မှာ မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စု အဖွဲ့ဝင်များ အတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင် သော်လည်းကောင်း၊ မလေးမစားအောင်သော် လည်းကောင်း ပြုလျှင်၊ သို့တည်းမဟုတ် မေတ္တာပျက်အောင်၊ လှုံ့ဆော်လျှင်၊ သို့တည်း မဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျှင်၊ ထိုသူကို ငွေဒဏ်နှင့်တစ်ကွ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တစ်ကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး အဓိပ္ပာယ် ဖွင့်ဆိုချက်အရ သိရသည်။

ထို့ပြင် မေတ္တာပျက်စေခြင်းဆိုသည့် စကားတွင် သစ္စာမဲ့ခြင်းနှင့် အငြိုးထားသော စိတ်လည်း ပါဝင်ကြောင်း၊ မုန်းထားအောင် သော်လည်းကောင်း မလေးစားအောင် သော်လည်းကောင်း၊ မေတ္တာပျက်အောင်သော် လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း သို့တည်းမဟုတ် လှုံ့ဆော်ရန် အားထုတ်ခြင်း မရှိဘဲ အစိုးရ၏ ဆောင်ရွက်မှု အစီအစဉ်ကို ဥပဒေနှင့် ညီသောနည်းဖြင့် ပြောင်းလဲပြုပြင်စေရန် ရည်ရွယ်လျက် ထိုဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်၊ မုန်းထားအောင် သော်လည်းကောင်း မလေးစားအောင် သော်လည်းကောင်း၊ မေတ္တာပျက်အောင် သော်လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း သို့တည်းမဟုတ် လှုံ့ဆော်ရန် ကြံစည်အားထုတ်ခြင်း မရှိဘဲ အစိုးရ၏ စီရင်အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုကို သို့တည်းမဟုတ် အခြားဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်ဟု ဖော်ပြထားသည်။

Most Read

Most Recent