ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို မကြာမီထုတ်ပြန်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်၍ ဥပဒေကို ကျော်လွန် လုပ်ဆောင်နေသည့်ကိစ္စ တစ်ခုမျှမရှိဘဲ ဥပဒေထက်ကျော်လွန်သည့် ကိစ္စများ ရှိပါက သက်ဆိုင်ရာသို့ ကန့်ကွက် တိုင်ကြားနိုင်ဟုဆို

ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို မကြာမီထုတ်ပြန်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်၍ ဥပဒေကို ကျော်လွန် လုပ်ဆောင်နေသည့်ကိစ္စ တစ်ခုမျှမရှိဘဲ ဥပဒေထက်ကျော်လွန်သည့် ကိစ္စများ ရှိပါက သက်ဆိုင်ရာသို့ ကန့်ကွက် တိုင်ကြားနိုင်ဟုဆို
Published 23 March 2024

ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို မကြာမီထုတ်ပြန်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်၍ ဥပဒေကို ကျော်လွန် လုပ်ဆောင်နေသည့်ကိစ္စ တစ်ခုမျှမရှိဘဲ ဥပဒေထက်ကျော်လွန်သည့် ကိစ္စများ ရှိပါက သက်ဆိုင်ရာသို့ ကန့်ကွက် တိုင်ကြားနိုင်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (မူကြမ်း)ကို ရေးဆွဲထားရှိပြီး သက်ဆိုင်ရာပညာရှင်များမှ  နောက်ဆုံးအတည်ပြုနိုင်ရေး အဘက်ဘက်မှ  စိစစ်သုံးသပ်လျက်ရှိကြောင်း၊ အဆိုပါ နည်းဥပဒေတွင် ပါဝင်သော ကြိုတင်ဆောင်ရွက်၍ရသည့် လုပ်ငန်းစဉ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့စစ်မှုထမ်းခေါ်ဆောင်ရေး အဖွဲ့များကို အကြောင်းကြားထားပြီး ၎င်းမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် အကျုံးဝင်သည့် စာရင်းများ ကောက်ယူခြင်း ဆောင်ရွက်စေလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

လုပ်ငန်းစဉ်အရ ရပ်ကွက်၊ကျေးရွာများမှတစ်ဆင့် အကျုံးဝင်သည့်သူများအား မြို့နယ်၊ ယင်းမြို့နယ်မှ တိုင်း/ပြည်နယ်၊ ၎င်းမှ ဗဟိုသို့ အဆင့်ဆင့် တင်ပြရမည်ဖြစ်ပြီး ဗဟိုမှ ရွေးချယ်သည့်သူများကို အဆင့်ဆင့် ပြန်လည်ချပြပြီး ၎င်းရွေးချယ်ခံရသူများကို ကျန်းမာရေးစစ်ဆေးရန် ခေါ်ယူခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအရ ဗဟိုတွင် ရွေးချယ်ရာ၌ ကြန့်ကြာမှု မရှိစေရေးအတွက် သင့်လျော်သည့် အင်အားအရေအတွက်ကို ဗဟိုက ခေါ်ယူလိုသည့် လူအင်အားအရေအတွက်နှင့် ကိုက်ညီအောင် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများတွင် တစ်ခါတည်း သတ်မှတ်နေကြခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။

ဗဟိုသို့ အကျုံးဝင်သည့် အင်အားစာရင်းတင်ပြပြီးပါက ပြည်သူ့စစ်မှုထမ်းဆောင်ရန် ရွေးချယ်ခံရနိုင်ခြေ များခြင်းကြောင့် ၎င်းတို့အနေဖြင့် ခရီးသွားလာခြင်းများရှိပါက အချိန်မီ ဆေးစစ်ခံနိုင်ရေးအတွက် နှောင့်နှေးကြန့်ကြာမှုများဖြစ်နိုင်သောကြောင့် ခရီးသွာလာမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ တာဝန်ရှိသူများထံ အကြောင်းကြားပေးရန် အသိပေးထားခြင်းသာဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဆောင်ရန်အတွက် သတ်မှတ်ထားသည့် အသက်အရွယ်အပိုင်းအခြား၊ ကင်းလွတ်ခွင့် ရရှိသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရရှိသူများ စသည်တို့ကို ဥပဒေမဲ့မဟုတ်ဘဲ ထုတ်ပြန်ထားသော ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်မည့်သူများအတွက် သင်တန်းကာလ စတင်တက်ရောက်ကတည်းက စစ်မှုထမ်းဆောင်ဆဲ တပ်မတော်သာများကဲ့သို့ သတ်မှတ်ထားသည့် ရိက္ခာ၊ လစာ၊ ဝတ်စုံနှင့် အခြားခံစားခွင့်များအားလုံးကို ကြိုတင်တွက်ချက်၍ စီမံချက်ရေးဆွဲ ပြီးမှသာ နိုင်ငံတော်အနေဖြင့် တက်နိုင်သည့်ဘက်ဂျက်နှင့်သင့်လျော်သည့် လူအရေအတွက်ကို ခေါ်ယူရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

ရပ်ကွက်၊ ကျေးရွာအချို့တွင် စစ်မှုထမ်းဆောင်ရန် ရွေးချယ်ခံရသည့် မိသားစုများကို ၎င်းတို့ရပ်ကွက်၊ ကျေးရွာ အစီအစဉ်ဖြင့် ထောက်ပံ့ရန် စီစဉ်နေကြသည်ဟု သတင်းစကားကြားရကြောင်းနှင့် အဆိုပါ ကျေးရွာ၊ ရပ်ကွက်တွင် နေထိုင်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေ တာဝန်ထမ်းဆောင်သည့်သူများအနေဖြင့် တာဝန်ထမ်းဆောင်နေချိန်တွင် နောက်ဆံမတင်းစေရန်နှင့် ကျန်ခဲ့သည့်မိသားစု၏ လူမှုစီးပွားဘဝများ အဆင်ပြေစေရေးအတွက် တက်နိုင်သည့်ငွေကြေးများဖြင့် ထောက်ပံ့ရန် စီစဉ်နေကြခြင်းသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

အဆိုပါကိစ္စအပေါ်တွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်မဖော်စေလိုသူများက မဟုတ်မမှန်သည့် ကောလဟလများ ထုတ်လွှင့်နေကြောင်း၊ နိုင်ငံတော်အနေဖြင့်ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ခွင့်ရရှိသူများကို ဥပဒေနှင့်အညီ ရိက္ခာ၊ လစာနှင့် အခြားခံစားခွင့်များအားလုံး ပြည့်ဝစွာရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

လက်ရှိ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များသည် မူကြမ်းရရှိထားသော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေအရ မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များသာဖြစ်ပြီး ယခုဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးသည် ထုတ်ပြန်ထားသော ဥပဒေကိုကျော်လွန်ပြီး လုပ်ဆောင်နေသည့် ကိစ္စတစ်ခုမှ မရှိဘဲ အသက်အရွယ် အပိုင်းအခြား၊ ကင်းလွတ်ခွင့်ပြုသူ၊ ယာယီရွှေ့ဆိုင်းနိုင်သူ စသည်ဖြင့် အားလုံးသည် ဥပဒေအတိုင်းသာဖြစ်ကြောင်းနှင့် ဥပဒေထက် ကျော်လွန်သည့် ကိစ္စများရှိပါက သက်ဆိုင်ရာသို့ တရားဝင် ကန့်ကွက်တိုင်ကြားနိုင်ပြီး မကြာမီအချိန်တွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

Most Read

Most Recent