ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ် ၅၇ မြို့နယ် ရှိလာ

ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ် ၅၇ မြို့နယ် ရှိလာ
Published 28 February 2024

ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သဖြင့် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ် ၅၇ မြို့နယ် ရှိလာကြောင်း သိရသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်း မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း နစကက ကြေညာသည်။ 

တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော် အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍သော်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) ကို ကျင့်သုံးနိုင်သည်ဟု နစကက ထုတ်ပြန်ခဲ့သည်။  

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် နှစ် မြို့နယ်ကို စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သဖြင့် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ် ၅၇ မြို့နယ် ရှိလာပြီဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း သုံးနှစ်ကျော်အကြာတွင် နစကက ကြေညာခဲ့သည့် စစ်အုပ်ချုပ်ရေးမြို့နယ် ၅၇ မြို့နယ်အထိ ရှိလာခြင်းလည်း ဖြစ်သည်။ 

စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံခဲ့ရသည့် မြို့နယ်များထဲတွင် ရန်ကုန်တိုင်းက ခြောက်မြို့နယ်၊ ချင်းပြည်နယ်က ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းက ၁၄ မြို့နယ်၊ ပဲခူးတိုင်းက ငါးမြို့နယ်၊ မကွေးတိုင်းက ငါးမြို့နယ်၊ ကယားပြည်နယ်က လေးမြို့နယ်၊ မွန်ပြည်နယ်က တစ်မြို့နယ်၊ ကရင်ပြည်နယ်က နှစ်မြို့နယ်၊ တနင်္သာရီတိုင်းက နှစ်မြို့နယ်နှင့် ရှမ်းပြည်နယ်က ၁၀ မြို့နယ် ပါဝင်သည်။ 

Most Read

Most Recent