ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်းဆောင်ရန်အကြောင်းပြ၍ လူငယ်လူရွယ်များကို ဖမ်းဆီးခြင်းမရှိဟုဆို

ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်းဆောင်ရန်အကြောင်းပြ၍ လူငယ်လူရွယ်များကို ဖမ်းဆီးခြင်းမရှိဟုဆို
Published 18 March 2024

ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်းဆောင်ရန်အကြောင်းပြ၍ လူငယ်လူရွယ်များကို ဖမ်းဆီးခြင်းမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Exile မီဒီယာတစ်ခုက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီ ၁၁ ရက်မှ မတ်လ ၁၁ ရက်အထိ တစ်လတာအတွင်း စစ်မှုထမ်းဆောင်ရန်အကြောင်းပြ၍ ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သည့် လူငယ် ၁၀၀ ကျော်ပါဝင်နေကြောင်း သတင်းဖော်ပြမှုနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က တုံ့ပြန်ရှင်းလင်းခြင်းဖြစ်သည်။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ရှင်းလင်းချက်တွင် အဆိုပါသတင်းနှင့်ပတ်သက်၍ ‌ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် စစ်မှုထမ်းဆောင်ရန်အကြောင်းပြ၍ လူငယ်လူရွယ်များကို ဖမ်းဆီးခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရကြောင်း ဖော်ပြထားသည်။

Exile မီဒီယာများသည် ပြည်သူ့စစ်မှုထမ်း ဥပဒေအာဏာတည်သည့်နေ့မှစ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်နှင့် လူငယ်လူရွယ်များ လမ်းမှားရောက်စေရန် လှုံ့ဆော်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းနှင့် အသက်မပြည့်သေးသည့် လူငယ်များကိုပါ စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးထားကြောင်း ကောလာဟလသတင်းများကို လှုံ့ဆော်လျက်ရှိသည့်အတွက် မိဘပြည်သူများအနေဖြင့် သတင်းအမှားများကို ရှောင်ရှားနိုင်ရန်နှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်းအချက်အလက်များကို သိရှိနားလည်စေရေး စစ်မှုထမ်းဆိုင်ရာ အသိပညာပေးသတင်းများ၊ ထုတ်လွှင့်ချက်များနှင့် https://mod.gov.mm/node/74 တို့တွင် စဉ်ဆက်မပြတ် ထုတ်လွှင့်အသိပေးလျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ မင်းမြေကျေးရွာတွင် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံကြောင်း Exile မီဒီယာများတစ်ခုက သတင်းဖော်ပြမှုနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းရာတွင် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်ငွေ ကျပ် ၅၀၀၀ နှုန်းကောက်ခံခြင်းမရှိကြောင်း  ဖော်ပြထားသည်။

Most Read

Most Recent