တိုက်ပွဲများကြောင့် တောင်ကြီး-လွိုင်လင်သွားလမ်း ပိတ်ထားဆဲဖြစ်ကြောင်း သိရ

တိုက်ပွဲများကြောင့် တောင်ကြီး-လွိုင်လင်သွားလမ်း ပိတ်ထားဆဲဖြစ်ကြောင်း သိရ
Published 27 February 2024

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး - လွိုင်လင်သွားလမ်းရှိ မိုင်းပွန်တံတားကို ခြောက်ရက်မြောက်နေ့အထိ ဆက်လက်ပိတ်ထားကြောင်း သတင်းရရှိသည်။

ဟိုပုံးနှင့် မိုင်းပွန်မြို့အကြားရှိ တောင်ကုန်းပေါ်တွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် တပ်မတော်၊ PNO ပြည်သူ့စစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် မဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် လမ်းပိတ်ထားခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲဖြစ်စဉ်များကြောင့် အနီးအနားကျေးရွာရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

မိုင်းပွန်အနီးရှိ  တောင်ကုန်းများပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် တောင်ကြီး-ဟိုပုံး-မိုင်းပွန်- လွိုင်လင်သွားလမ်းကို ဖြတ်သန်းသွားလာခွင့်ရက် အကန့်အသတ်မရှိ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

တောင်ကြီး-လွိုင်လင်သွားလမ်း မိုင်းပွန်တံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သဖြင့် ကုန်တင်မော်တော်ယာဉ်ကြီးများ၊ ခရီးသည်မော်တော်ာယဉ်များ အများအပြား တန်းစီစောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

ထိုသို့ မိုင်းပွန်တံတားသွားလမ်းပိတ်ထားမှုမှာ ဖေဖော်ဝါရီ ၂၆ ရက်အထိ လမ်းပိတ်ထားဆဲဖြစ်သဖြင့် မိုင်းပွန်တံတားပိတ်ထားသည်မှာ ခြောက်ရက်မြောက်ရှိလာကြောင်း သိရသည်။

ခရီးသည်မော်တော်ယာဉ်များသည် မိုင်းပွန်တံတား ဖြတ်သန်းခွင့် လမ်းပိတ်ထားသဖြင့် ပင်လုံ-ကျောက်တန်းလမ်းမှ သွားလာနေကြရသဖြင့် အတက်အဆင်း မတ်စောက်သော ကျောက်တန်းလမ်းကို သတိထားမောင်းနှင်သွားလာကြရန် ဒေသခံများက အသိပေးနှိုးဆော်ထားသည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် အဆိုပါလမ်းပိုင်းမှ ပြန်လာသူတစ်ဦး၏ ပြောကြားချက်အရ တိမ်းမှောက်နေသော မော်တော်ယာဉ်ငါးစီးခန့်ရှိပြီး တစ်စီးမှာ ယနေ့တိမ်းမှောက်ထားသော သွင်ပြင်လက္ခဏာရှိကြောင်း၊ တောင်တက်တောင်ဆင်းလမ်း မသွားဖူး မမောင်းဖူးသူများအနေဖြင့် ဂရုစိုက်သွားလာကြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်နှင့် ဖေဖော်ဝါရီ ၂၄ ရက်တို့တွင် အဆိုပါလမ်းပိုင်းတွင် မော်တော်ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားခဲ့ကာ ခရီးသွားလာရန်ခက်ခဲခြင်း၊ လမ်းခရီးစိတ်ချလုံခြုံမှု အားနည်းခြင်းတို့ကြောင့် လူမှုကူညီရေးအသင်းများ သွားလာကူညီပေးရန် အခက်အခဲရှိကြောင်း ပင်လုံမြို့ရှိ လူမှုကူညီရေးဆောင်ရွက်နေသော ဦးလောရုံက ဆိုသည်။

“၂၄ ရက်က အန်စာတုံး ကားဆရာညှပ်သွားတယ်။ မိန်းမတွေ ဒဏ်ရာရတယ်။ ၁၂ ဘီးတစ်စီး တောင်အောက် ကျသွားသေးတယ်” ဟု ဦးလောရုံက ပြောကြားသည်။

Most Read

Most Recent