ဂျပန်-မြန်မာ ပူးပေါင်း၍ ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်မည်

ဂျပန်-မြန်မာ ပူးပေါင်း၍ ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်မည်
Published 19 August 2018

ဘိုးဘွားရိပ်သာတစ်ခုတွင် နေထိုင်လျက်ရှိသည့် အဘွားများအား တွေ့ရစဉ်

ဂျပန်-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

သင်တန်းကျောင်းဖွင့်လှစ်ရေးနှင့်ပတ်သက်၍ သြဂုတ် ၁၇ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဂျပန်နိုင်ငံ Polestar KAIGO Service Co.Ltd တို့ ဆွေးနွေးခဲ့ကြောင်းနှင့် ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်တန်းကျောင်း (Vocational training school for Elderly caregiver) ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ သက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်သင်ကြားနိုင်ရန် လိုအပ်သောစာသင်ခန်းပြုပြင်မှုများ၊ သင်ရိုးညွှန်းတမ်း၊ သင်ထောက် ကူပစ္စည်းများကို ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနနှင့် ပူးပေါင်းပြင်ဆင်မည့် အစီအစဉ်များ၊ သင်တန်းတက်ရောက်ရန် အရည်အချင်းသတ်မှတ်ချက်များ၊ သင်တန်းပြီးဆုံးပါက အရည်အချင်းပြည့်မီသူများသည် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဌာနများတွင် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရေး အစီအစဉ်များ စသည်တို့ ဆွေးနွေးထားကြောင်းနှင့် အဆိုပါသင်တန်းသည် ခြောက်လတာ အချိန်ပြည့်သင် တန်းဖြစ်ပြီး သင်တန်းတွင် ဂျပန်နိုင်ငံမှ နည်းပြများလည်း မြန်မာနိုင်ငံသို့ လာရောက်ကာ စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းအတွက် မြန်မာလုပ်သားများ အမြန်ဆုံးစေလွှတ်ပေးရန် ဂျပန်အစိုးရက မြန်မာအစိုးရကို ကမ်းလှမ်းထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံရှိ သက်ကြီးစောင့်ရှောက်ရေး လုပ်ငန်းများတွင် လုပ်ကိုင်မည့် မြန်မာလုပ်သားများအနေဖြင့် ဂျပန်အစိုးရ သတ်မှတ်ထားသော အနည်းဆုံးလုပ်ခလစာအတိုင်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင်လည်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဥပဒေကို အကောင်အထည်ဖော်မည့် နည်းဥပဒေနှင့် အမျိုးသားအဆင့် သက်ကြီးမူဝါဒကိုလည်း ဆက်လက်ရေးဆွဲနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

 

Most Read

Most Recent