မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ရောက်ရှိနေသော တရုတ်နိုင်ငံသားများအား သုံးနိုင်ငံညှိနှိုင်းမှုဖြင့် နေရပ်ပြန်ပို့

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ရောက်ရှိနေသော တရုတ်နိုင်ငံသားများအား သုံးနိုင်ငံညှိနှိုင်းမှုဖြင့် နေရပ်ပြန်ပို့
Published 1 March 2024

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့ သောင်ရင်းမြစ်ကမ်းစပ်တစ်လျှောက်တွင် ရောက်ရှိနေသော တရုတ်နိုင်ငံသားများအား တရုတ်၊ ထိုင်း၊ မြန်မာသုံးနိုင်ငံ တာဝန်ရှိသူများ၏ ညှိ့နှိုင်းမှုဖြင့်နေရပ်သို့ ပြန်ပို့သည့် လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီလ၂၉ ရက်နေ့က စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ်ရောက် တရုတ်နိုင်ငံသားများအနက် ၉၇၇ ဦး နေရပ်ပြန်လိုသည့်အတွက် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံသား ၁၅၀ ဦးကို  မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားမှတစ်ဆင့် မဲဆောက်မြို့သို့ပို့ဆောင်ပြီး မဲဆောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် စတင်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါတရုတ်နိုင်ငံသား ၁၅၀ ဦးသည် တရုတ်နိုင်ငံမှလာသည့် Airbus 319-320 အမျိုးအစား လေယာဉ်နှစ်စင်းဖြင့် တရုတ်အာဏာပိုင်များက မဲဆောက်မှတရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့ရှိ လောင်းကစားလုပ်ငန်းခွင်အတွင်း ရောက်ရှိနေကြသည့် တရုတ်နိုင်ငံသားများအနက် မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ရန် တာဝန်ရှိသူများထံ ဆက်သွယ်လာသူ ၉၇၇ ဦးရှိပြီး သုံးနိုင်ငံအာဏာပိုင်များ၏ အစီအစဉ်ဖြင့် ကျန်ရှိနေသူများကို မတ်လ ၁ ရက်မှ ၅ ရက်ထိ တစ်ရက်လျှင် သုံးခေါက်နှုန်းဖြင့် မဲဆောက်လေဆိပ်မှ တရုတ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတရုတ်နိုင်ငံသား ၁၅၀ ဦးအား ၁၉၄ရခု မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၇ (၂)အရ ပြည်နှင်လွှဲပြောင်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

Most Read

Most Recent