UID နံပါတ် (အရပ်အခေါ် စမတ်ကတ်) မရရှိသေးသူများ လက်ရှိနေထိုင်သည့် မြို့နယ်ရှိ လဝကရုံများတွင် အခမဲ့ပြုလုပ်နိုင်

UID နံပါတ် (အရပ်အခေါ် စမတ်ကတ်) မရရှိသေးသူများ လက်ရှိနေထိုင်သည့် မြို့နယ်ရှိ လဝကရုံများတွင် အခမဲ့ပြုလုပ်နိုင်
Published 26 March 2024

UID နံပါတ် (အရပ်အခေါ် စမတ်ကတ်) မရရှိသေးသူများ လက်ရှိနေထိုင်သည့် မြို့နယ်ရှိ လဝကရုံများတွင် အခမဲ့ပြုလုပ်နိုင်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် UID နံပတ်ပါ စမတ်ကတ်ပါရှိရမည်ဆိုသော အကြောင်းရာနှင့်ပတ်သက်ပြီး နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ Viber Group တွင် မီဒီယာတစ်ခု မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် နစကသတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားထားခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် မတ် ၁၉ ရက်တွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ Passport သက်တမ်းတိုး သို့မဟုတ် အသစ်လုပ်ခြင်းများတွင် အရပ်အခေါ် စမတ်ကတ်ဟု ပြောဆိုနေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်ထုတ်ပေးထားသည့် UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ် ယူဆောင်လာရမည်ဆိုသည့် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း နစကမှ ထုတ်ပြန်သည်။

“UID နံပါတ် မရှိသေးတဲ့ ပြည်သူတွေအနေနဲ့ UID နံပါတ် ရယူလိုတယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားတဲ့မြို့ကို ပြန်ပြီးလုပ်စရာ မလိုပါဘူး။ လက်ရှိကိုယ်နေထိုင်တဲ့ မြို့မှာရှိတဲ့ မြို့မှာရှိတဲ့ မြို့နယ်လဝကရုံးတွေမှာဖြစ်စေ၊ ရပ်ကွက်တွေမှာ ဆင်းပြီးပြုလုပ်ပေးနေတဲ့ Mobile Team တွေမှာဖြစ်စေ UID နံပါတ်ကို အခမဲ့ ပြုလုပ်နိုင်ပါတယ်” ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများအနေနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် အဆိုပါ UID နံပတ်အပေါ်တွင် အခြေခံပြီး ဆောင်ရွက်သွားကြမည်ဖြစ်သည့်အတွက် ပြည်သူတွေအနေနှင့် UID မြန်မြန် ပြုလုပ်ပါက အကျိုးကျေးဇူးကို မြန်မြန်ခံစားရနိုင်စေမည်ဘဖြစ်ကြောင်းလည်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသည်။

Most Read

Most Recent