မောင်တောမြို့နယ် သင်္ဘောကွေ့ ကျေးရွာသားများ၏ ယာယီတဲများ လမ်းနယ်မြေမလွတ်ဟု သက်ဆိုင်ရာက သတိပေးသဖြင့် ထပ်မံပြောင်းရွှေ့နေရ

မောင်တောမြို့နယ် သင်္ဘောကွေ့ ကျေးရွာသားများ၏ ယာယီတဲများ လမ်းနယ်မြေမလွတ်ဟု သက်ဆိုင်ရာက သတိပေးသဖြင့် ထပ်မံပြောင်းရွှေ့နေရ
Published 5 August 2018

သင်္ဘောကွေ့ကျေးရွာသားများ၏ ယာယီတဲများ လမ်းနယ်မြေမလွတ်ဟု သက်ဆိုင်ရာက လာရောက် သတိပေးသဖြင့် ထပ်မံဖြိုဖျက် ပြောင်းရွှေ့ရန် ပြင်ဆင်နေစဉ်

သင်္ဘောကွေ့ ကျေးရွာသားများ၏ ယာယီတဲများ လမ်းနယ်မြေမလွတ်ဟု သက်ဆိုင်ရာက လာရောက် သတိပေးသဖြင့် ထပ်မံဖြိုဖျက် ပြောင်းရွှေ့နေရကြောင်း ကျေးရွာသားများထံမှ သိရသည်။

ကျေးရွာဖြိုဖျက် ခံရပြီးနောက် သင်္ဘောကွေ့ရွာ မိသားစုများ ယာယီခိုလှုံနေသည့် ကျောက်ပန်းတူ ဘုန်းတော်ကြီးကျောင်းတွင် ဝါတွင်းကာလ ဆက်လက်နေထိုင်ရန် အဆင်မပြေသဖြင့် မိုးရာသီအတွင်း ယာယီနေထိုင်ရန်အတွက် ဆရာတော်၏ ခွင့်ပြုချက်ဖြင့် ကျောင်းခြံမြေအတွင်း ကားလမ်းအနီး တဲတန်းလျား ဆောက်လုပ်ခဲ့ရာ အဆိုပါ တဲထိုးသည့်နေရာသည် လမ်းနယ်မြေအတွင်း ကျရောက်သည်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လမ်းဦးစီးဌာနအဖွဲ့မှ တာဝန်ရှိသူများ လာရောက် အသိပေး ပြောကြားလာခြင်းဖြစ်ကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာ ရပ်မိရပ်ဖ ဦးစိန်အောင်က “တဲထိုးတဲ့ နေရာက ကျောင်းဝင်းထဲမှာပါ။ ဒါပေမဲ့ ဆရာတော်ပေးတဲ့ နေရာလေးက ကျဉ်းတဲ့အခါကျတော့ ကျွန်တော်တို့မှာက မိသားစု ၃၅ စုပါ။ ဆိုတော့ ဆရာတော်ပေးတဲ့ နေရာမှာ တဲထိုးလို့ မဆံ့လို့ လမ်းနယ်ဘက်ကို နည်းနည်း ရောက်သွားပါတယ်။ မနေ့ကပဲ ကျွန်တော်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက် ဆိုပြီးတော့မှ ကျောက်ပန်းတူ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေ၊ နောက်လမ်းတံတားက အဖွဲ့တွေ ရောက်လာပါတယ်။ ဒါဟာ မလွတ်ဘူး။ ဖယ်ပေးရမယ် ဆိုတဲ့အခါ ကျွန်တော်တို့မှာလည်း နေရာအခက်အခဲရှိလို့ လုပ်တာပါလို့ ကောင်းကောင်းမွန်မွန် ဖြေကြားပေးလိုက်ပါတယ်။ ပြီးတာနဲ့ ချက်ချင်းနှစ်ရက်အတွင်း အပြီးရွှေ့ပေးပါမယ်။ ကျွန်တော်တို့ကို နေရာလေး သတ်မှတ်ပေးပါ ပြောလို့ လမ်းတံတားက လွတ်တယ်လို့ ပြောတဲ့နေရာကို ပြောင်းရွှေ့တဲထိုး နေကြပါတယ်။ ပြီးတော့ ခရိုင်အင်ဂျင်နီယာ လာကြည့်တဲ့အခါ ကျတော့လည်း အခုကျွန်တော်တို့ ဖယ်ပေးပြောင်းရွှေ့တဲ့ နေရာဟာ အဆင်ပြေပါတယ် ပြောခဲ့ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ သင်္ဘောကွေ့ ကျေးရွာသားများသည် ကျေးရွာဖြိုဖျက်ခံရပြီးနောက် ကျောက်ပန်းတူ ဘုန်းကြီးကျောင်း အောက်တွင် နေထိုင်နေခြင်းဖြစ်ပြီး ဝါတွင်းကာလတွင် သီလဆောက်တည်ရန် နေရာအခက်အခဲ ရှိသဖြင့် ကျောင်းအရှေ့ဘက် လမ်းဘေးတွင် ဆရာတော်က စီစဉ်နေရာချပေးခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အိမ်ထောင်စု ၃၅ စု လူဦးရေ ၁၂၀ ဦးသည် အိုးမဲ့အိမ်မဲ့ ဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရမှ ပြောင်းရွှေ့ပေးသည့် နေရာတွင် မနေလိုကြသည့် ကျေးရွာသားများက သင့်လျော်မည့် နေရာတွင် နေရာချထားရန် တောင်းဆိုထားသော်လည်း သက်ဆိုင်ရာက စီစဉ်ပေးခြင်း မရှိကြောင်း သိရသည်။

သင်္ဘောကွေ့ ကျေးရွာသားများအတွက် လိုအပ်သော အမိုးအကာများကို မောင်တောမြို့ အရေးပေါ် အထောက်အကူပြု ကော်မတီမှ ကူညီပေးထားကြောင်း သိရသည်။

 

Most Read

Most Recent