ဆေးယဉ်ပါး အိပ်ချ်အိုင်ဗွီ ဖြစ်ပွားသူများ ရှိလာပြီး အေအာတီဆေး ယဉ်ပါးမှုများကို အရွယ်ရောက်ပြီးသူများထက် ဆယ်ကျော်သက် လူငယ်များတွင် ပိုတွေ့နေရ

ဆေးယဉ်ပါး အိပ်ချ်အိုင်ဗွီ ဖြစ်ပွားသူများ ရှိလာပြီး အေအာတီဆေး ယဉ်ပါးမှုများကို အရွယ်ရောက်ပြီးသူများထက် ဆယ်ကျော်သက် လူငယ်များတွင် ပိုတွေ့နေရ
Published 19 July 2018

အိပ်ချ်အိုင်ဗွီ လူနာများအတွက် နယ်စည်းမခြား ဆရာဝန်အဖွဲ့က ဖွင့်လှစ်ထားသည့် ဆေးခန်းတွင် အေအာတီဆေး လာရောက် ထုတ်ယူနေသူအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျာ်)

မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး အိပ်ချ်အိုင်ဗွီ ဖြစ်ပွားမှုများ ရှိလာပြီး ရောဂါပိုး ကူးစက်ခံရသူများအနက် ဆယ်ကျော်သက် လူငယ်များမှာ အရွယ်ရောက်ပြီးသူများထက် ပထမအဆင့် ဆေးယဉ်ပါးမှု ပိုမိုများပြားနေကြောင်း အိပ်ချ်အိုင်ဗွီ လူနာများအား ဆေးကုသမှု ပေးနေသည့် နယ်စည်းမခြား ဆရာဝန်အဖွဲ့မှ သိရသည်။

အိပ်ချ်အိုင်ဗွီရောဂါပိုးရှိ ဆယ်ကျော်သက် လူငယ်များသည် ရောဂါဒဏ် ခံစားရသော အဓိကအုပ်စု တစ်စုဖြစ်သော်လည်း ပံ့ပိုးကူညီမှု ပြုလုပ်ကြရာတွင် မကြာခဏ လျစ်လျူရှုခံနေကြရသူများ ဖြစ်ကြောင်းနှင့် ယင်းဆယ်ကျော်သက် လူငယ်လေးများ၏ ဆယ်ကျော်သက်ဘ၀ အထူးလိုအပ်ချက်များသည်လည်း လုံလောက်စွာ ဂရုတစိုက်ကူညီပံ့ပိုးမှု မရရှိကြသောကြောင့် ရလဒ်အနေဖြင့် ၎င်းအုပ်စုဝင်များအတွင်း ဆေးယဉ်ပါးဖြစ်ပွားမှု ရာခိုင်နှုန်းမှာလည်း မြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။

“နယ်စည်းမခြား ဆရာဝန်အဖွဲ့က လူနာတွေအတွက် အင်းစိန်နဲ့ သာကေတ ဆေးခန်းမှာ ကျန်းမာရေး ဝန်ဆောင်မှုတွေကို ပေးနေပါတယ်။ အင်းစိန်နဲ့ သာကေတဆေးခန်း နှစ်ခုပေါင်းရင် လူနာပေါင်း ၁၇၀၀၀ ကျော် ရှိတယ်။ လူနာတွေထဲမှာ အေအာတီဆေး သောက်နေရတဲ့ ဆယ်ကျော်သက် လူငယ်တွေလည်း ပါပြီးတော့ လူနာ ၈၀၀ ကျော် ရှိပါတယ်။ လူနာတွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး လိုအပ်ရင် လိုအပ်သလို ကြည့်ပေးပြီး ကျန်းမာရေး အရမ်းကောင်းနေတဲ့ လူနာတွေဆိုရင်တော့ သုံးလ တစ်ကြိမ် ပြန်ကြည့်ပါတယ်။ အေအာတီဆေးက ပုံမှန် စွဲသောက်ရတယ်။ အချိန်တိကျရတယ်။ ပမာဏ တူညီရတဲ့အတွက် စနစ်တကျ မသောက်ရင် ဆေးယဉ်ပါး ဖြစ်တာပေါ့။ အခု ဆယ်ကျော်သက် လူငယ်တွေက အရွယ်ရောက်ပြီးသူတွေထက် ပထမအဆင့် ဆေးယဉ်ပါးမှုက ပိုများနေတယ်။ ဖြစ်နိုင်ခြေက သူတို့က ငယ်တဲ့အချိန်မှာကျတော့ သူတို့ကို စောင့်ရှောက်တဲ့သူအပေါ်မှာ မှီခိုနေရတယ်။ စောင့်ရှောက်ပေးတဲ့သူက အလုပ်များလို့၊ မအားလို့ ဆေးကို ပုံမှန် မလုပ်ပေးနိုင်တာမျိုး၊ တချို့ကျတော့ မိဘတွေ မရှိကြတော့ဘူး။ တခြား ဆွေမျိုးသားချင်းတွေနဲ့ နေရတဲ့အခါ အချိန်မှန်မှန် ဆေးမသောက်နိုင်တာတွေက များလာတယ်။ ကြာလာတဲ့အခါ လူနာက ပထမအဆင့် ဆေးတွေနဲ့ ကုလို့ မရကြတော့ဘူး။ အဓိက ဆေးကို ပုံမှန် မသောက်လို့ ဆေးယဉ်ပါးတာတွေ ဖြစ်တာပါ။ ဒီလို ပထမအဆင့် ဆေးယဉ်ပါးတဲ့ သူတွေကို ဒီထက်ပိုပြင်းတဲ့ ဒုတိယအဆင့် ဆေးတွေနဲ့ ပြန်ကုပေးရပါတယ်” ဟု နယ်စည်းမခြား ဆရာဝန်အဖွဲ့၊ သာကေတ ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နယ်စည်းမခြား ဆရာဝန်အဖွဲ့ (ရန်ကုန်) တွင် အေအာတီဆေး သောက်သုံးနေရသူ လူနာ စုစုပေါင်း ၁၇၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် အသက် ၁၀ နှစ်မှ ၁၉ နှစ်ကြား ဆယ်ကျော်သက် လူငယ် ၈၀၀ ကျော် ရှိကြောင်းနှင့် ဒုတိယအဆင့် အေအာတီဆေး သောက်သုံးနေရသူ ဆယ်ကျော်သက်လူငယ်မှာ ရာခိုင်နှုန်း ၂၀ ခန့်ရှိကြောင်း သိရသည်။

နယ်စည်းမခြား ဆရာဝန်အဖွဲ့သည် ၂၀၀၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အသက်ကယ် အေအာတီဆေးကုထုံးကို စတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လက်ရှိ အိပ်ချ်အိုင်ဗွီ/တီဘီရောဂါကု စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလထိ ရရှိထားသည့် အချက်အလက်များအရ အဖွဲ့၏ စီမံကိန်းနေရာများ အားလုံးတွင် အေအာတီဆေးဖြင့် လူနာ ၃၄၈၇၇ ဦးကို ကုသပေးနေပြီး ယင်းတို့အနက်မှ ၁၈၀၇ ဦးမှာ အသက် ၁၀ နှစ်မှ ၁၉ နှစ်ကြား လူငယ်များ ဖြစ်ကြောင်းနှင့် ယင်းအရေအတွက်မှာ လူနာစုစုပေါင်း၏ ငါးရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

Most Read

Most Recent