ထားဝယ် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် အပါအဝင် သုံးဦး ဖမ်းဆီး ခံခဲ့ရခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

ထားဝယ် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် အပါအဝင် သုံးဦး ဖမ်းဆီး ခံခဲ့ရခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ
Published 29 February 2024

ထားဝယ်နည်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် အပါအဝင် သုံးဦးအား PDF များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီခွဲ့ ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့နယ်၊ ဘုရားမဲကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အား PDFများက ကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်နက်ကြီး၊ လက် နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာသ ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာ၏တောင် ဘက် သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

အဆိုပါအဖွဲ့သည် နည်းပညာ တက္က သိုလ် (ထားဝယ်)အတွင်းသို့ ဝင်ရောက်ကာ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင် အပါအဝင် သုံးဦးအား ဖမ်းဆီးခေါ်ဆောင်၍ ကျောင်း၏အနောက်ဘက်သို့ ဆုတ်ခွာ ထွက် ပြေးသွားခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဆရာ၊ ဆရာမများအား ဘေးအန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံ ရေး တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ် ပြန်သည်။

နည်းပညာတက္ကသိုလ် (ထားဝယ်) မှ ဒု-ပါမောက္ခ နှင့် ပါမောက္ခဌာနမှူး နှစ်ဦးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဗထူး တပ်မတော်မှ  ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းတို့ အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာ ပေါ် ထုတ်ပြန်ချက်အရ သိရသည်။

ဗထူးတပ်မတော်မှ ဖမ်းဆီးထားသူများ မှာ နည်းပညာတက္ကသိုလ် ဒု-ပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ မြို့ပြအင်ဂျင်နီယာ ဌာနမှူး ပါမောက္ခ ဒေါ်နန္ဒာလွင် နှင့် အင်္ဂလိပ် စာဌာနမှူး ပါမောက္ခ ဒေါ်စုစုလတ်တို့သုံးဦး ဖြစ်ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ် (ထားဝယ်) တွင် လက်ရှိပညာသင်နှစ်၌ တက်ရောက်ပညာ သင်ကြားနေသည့် ကျောင်းသားကျောင်းသူ ၁၀၀ ကျော် နှင့် ဆရာ၊ဆရာမ ဆယ်ဂဏန်းခန့် ရှိကြောင်း ထိုနည်းပညာတက္ကသိုလ် နှင့် နီးစပ် သူများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ အ တွင်းကလည်း ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်ရှိ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်း မှ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမ ခြောက်ဦးအား လောင်းလုံ ပကဖ က ဖမ်းဆီးခဲ့ဖူးကြောင်းနှင့် ဖမ်းဆီးခံခဲ့ရသူများ မှ  CDM လုပ်ရန် သဘောတူခဲ့သည့်အတွက် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent