လိုဏ်ဂူအတွင်းမှ ပြန်လည်လွတ်မြောက်လာသည့် ထိုင်းကလေးငယ်များအား The Best ဆုပေးပွဲတက်ရန် FIFA ဥက္ကဋ္ဌ အင်ဖန်တီနို ဖိတ်ကြား

လိုဏ်ဂူအတွင်းမှ ပြန်လည်လွတ်မြောက်လာသည့် ထိုင်းကလေးငယ်များအား The Best ဆုပေးပွဲတက်ရန် FIFA ဥက္ကဋ္ဌ အင်ဖန်တီနို ဖိတ်ကြား
Published 15 July 2018

Photo: AFP

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIfA ဥက္ကဋ္ဌ အင်ဖန်တီနိုသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ်လွန်လိုဏ်ဂူအတွင်း ပိတ်မိနေရာမှ ပြန်လည်လွတ်မြောက်လာသည့် လူငယ်ဘောလုံးသမားများအား စက်တင်ဘာလအတွင်း ကျင်းပမည့် The Best ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

မယ်ဆိုင်မြို့ရှိ Wild Boars ဘောလုံးအသင်း၏ လူငယ်ကစားသမား ၁၂ ဦး (၁၁ နှစ်မှ ၁၇ နှစ်အကြား) နှင့် ၎င်းတို့၏နည်းပြ (၂၅ နှစ်) သည် ဇွန် ၂၃ ရက်က ထမ်လွန်လိုဏ်ဂူအတွင်း ဝင်ရောက်ရာမှ မိုးသည်းထန် စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် ပိတ်မိခဲ့ ခြင်းဖြစ်သည်။ ၎င်းတို့အား ကယ်တင်နိုင်ရန် ထိုင်း တော်ဝင်ရေတပ် အပါအဝင် နိုင်ငံတကာ မှ ကျွမ်းကျင်သူများက ၁၈ ရက်ကြာ ကြိုးစား အားထုတ်ခဲ့ရပြီး ဇူလိုင် ၈ ရက်တွင် လေးဦး၊ ဇူလိုင် ၉ ရက်တွင် လေးဦး၊ ဇူလိုင် ၁၀ ရက် တွင် လေးဦးနှင့် နည်းပြဖြစ်သူတို့ကို အောင်မြင်စွာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုသည် ၎င်းတို့လွတ်မြောက်လာစဉ်ကတည်းက ဇူလိုင် ၁၅ ရက်ကျင်းပ မည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ လာရောက် ကြည့်ရှုရန် ဖိတ်ကြားခဲ့သော်လည်း ဆေးကုသမှုခံယူရန် လိုအပ်သဖြင့် ပျက်ပြယ်ခဲ့ရသည်။ သို့ဖြစ်ရာ FIFA သည် ထိုင်းဘောလုံးအဖွဲ့ချုပ်နှင့် ဆွေးနွေးပြီးနောက် စက်တင်ဘာ ၂၄ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပမည့် The Best ဆုပေးပွဲသို့ တက်ရောက်ရန် ထပ်မံဖိတ်ကြားခြင်းဖြစ်သည်။

“ကောင်လေးတွေနဲ့ နည်းပြတို့ ပြန်ထွက်လာတဲ့အချိန်အထိ တစ်ကမ္ဘာလုံးက စောင့် ကြည့်ခဲ့ကြပြီး ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။ ပျော်စရာ အဆုံးသတ်ဖြစ်စေခဲ့လို့လည်း ခရစ်တော်ရဲ့ကျေးဇူးကို ချီးမွမ်းပါတယ်။ ဒါကြောင့် သူတို့ကို လန်ဒန်မှာကျင်းပမယ့် The FIFA Best ဆုပေးပွဲတက်ဖို့ ဖိတ်ကြားမှာဖြစ်ပြီး ထိုင်းမှာလည်း တခြားဆောင်ရွက်မှုတွေ လုပ်ဖြစ်မှာပါ” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent