ထားဝယ်ခရိုင်၌ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လောင်းလုံးဘုတ်ကျွန်းပေါ်မှ နေရာနှစ်ခုအား နေ့ချင်းပြန်ခရီးစဉ်အဖြစ် သွားလာခွင့်ပြု

ထားဝယ်ခရိုင်၌ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လောင်းလုံးဘုတ်ကျွန်းပေါ်မှ နေရာနှစ်ခုအား နေ့ချင်းပြန်ခရီးစဉ်အဖြစ် သွားလာခွင့်ပြု
Published 14 July 2018

လောင်းလုံးဘုတ်ကျွန်းသို့လာရောက်လည်ပတ်နေသူများကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၌ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လောင်းလုံးဘုတ်ကျွန်းပေါ်မှ နေရာနှစ်ခုကို နေ့ချင်းပြန်ခရီးစဉ်အဖြစ် သွားလာခွင့်ပြုခဲ့ပြီး ခရီးသွားလုပ်ငန်းများလိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ပြီးပါကလာမည့် ပွင့်လင်းရာသီတွင် စတင်သွားရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှ ကာကွယ်ရေးဝန်ကြီးဌာန ထိန်းချုပ်မှုအောက်တွင်ရှိသည့် ကော့သောင်းခရိုင် ဇာဒက်ကြီးအုပ်စုထဲ၌ ပါဝင်သော သူရဲကျွန်း(ခေါ်)သားရေကျွန်းနှင့် ထားဝယ်ခရိုင်ရှိ လောင်းလုံးဘုတ်ကျွန်းမှ လိပ်သောင်ကြီးအော်နှင့် အုန်းပင်အော်တို့နှင့် ပတ်သက်၍ အများအသုံးပြုနိုင်သည့် အနေအထားမျိုးဖြစ်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြမှုရှိခဲ့ပြီး ယင်းကျွန်းများနှင့် ပတ်သက်၍ တပ်မတော်ရေနှင့် ညှိနှိုင်းကာအကြောင်းပြန်ကြားမည်ဟုဆိုသော်လည်း အကြောင်းမပြန်သေးသဖြင့် ကာကွယ်ရေး န်ကြီးဌာနထံလိပ်မူကာ ပြီးခဲ့သည့်မတ် ၁၃ ရက်က စာဖြင့် လက်မှတ်ရေးထိုး၍ ထပ်မံတင်ပြခဲ့ကြောင်း၊ ထိုသို့ တင်ပြခဲ့ပြီးနောက် လောင်းလုံးဘုတ်ကျွန်းမှ လိပ်သောင်ကြီးအော်နှင့် အုန်းပင်အော်တို့ကို ကာကွယ်ရေး ဝန်ကြီးဌာနမှ Day Return (နေ့ချင်းပြန်) သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန် ၇ ရက်က နိုင်ငံတော်သမ္မတရုံးထံမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အကြောင်းကြားလာခဲ့သည်ဟု တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။

“ပထမ သူတို့ (ကာကွယ်ရေးဝန်ကြီး ဌာန) က နှစ်ကြိမ်လောက်ငြင်းသေးတယ်။ ဒီနေရာက ဓာတ်ငွေ့ပိုက်လိုင်းနဲ့ရေနက် ဆိပ်ကမ်းအတွက် စောင့်ရှောက်ရတဲ့နေရာဖြစ်တဲ့အတွက် သူတို့နှစ်ခါလောက်ငြင်းတယ်။ နောက်ပိုင်းမှာ ဘယ်လိုဖြစ်သွားလဲ မသိဘူး၊ ပြန်ရသွားတယ်။ အပြီးစွန့်လွှတ်တာမဟုတ်ဘူး။ နေ့ချင်းပြန်ပဲသွားခွင့်ပြုတာ။ လောင်းလုံးဘုတ်ကျွန်းကို သွားလာဖို့ ခရီးသွားလုပ်ငန်းအတွက် လိုအပ်တဲ့ညွှန်ကြားချက်တွေထုတ်ပြီး ရင်တော့ခွင့်ပြုမှာပါ။ ဘုတ်ကျွန်းသွားခွင့်ရရင် ခရီးသွားလုပ်ငန်းတိုးတက်လာမယ်လို့ ထင်တယ်။ နောက်တစ်ခုက ဟိုတယ်။ ခရီးရယ်၊ ခရီးသွားလုပ်ငန်းရှင်များ အသင်းရယ်၊ စမ်းလှမ်းရွာသူရွာသားတွေနဲ့ပေါင်းပြီးတော့ CBT တစ်ခု ခွင့်ပြုထားတယ်။ လက်ရှိအဆောက်အအုံ နှစ်လုံးတော့အကြမ်းအားဖြင့် ရုပ်လုံးပေါ်လာပြီပေါ့။ အဲဒါပြီးသွားရင်ကမ်းခြေမှာ နိုင်ငံခြားသားတွေအတွက် တည်းခိုဖို့ နေရာရလာပြီပေါ့။ ဒါဆိုဒီဟာကို အခြေစိုက်ပြီးတော့ အခြားနေရာတွေသွားလာလည်ပတ်ရပြီဆိုတော့ အခြေအနေတော်တော်ကောင်း လာမယ်ထင်တယ်” ဟု တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံးထံသို့ ၂၀၁၈ ခုနှစ် ဇွန် ၇ ရက် ရက်စွဲဖြင့် ပေးပို့သည့်စာတွင် လောင်းလုံးဘုတ် ကျွန်းပေါ်ရှိ လိပ်သောင်ကြီးအော်နှင့် အုန်းပင်အော်တို့အား စွန့်လွှတ်ပေးနိုင်ခြင်း မရှိသော်လည်း နေ့ချင်းပြန်သွားလာနိုင်ရေးအတွက် ခွင့်ပြုပေးနိုင်ပါကြောင်း နိုင်ငံတော်သမ္မတရုံးထံ အကြောင်းပြန်ကြားခဲ့ရာ နိုင်ငံတော်သမ္မတရုံးထံမှတစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ယင်းစာကိုပြန်လည်ပေးပို့လာခဲ့ခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းသို့ ခွင့်ပြုလိုက်သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Tour ကုမ္ပဏီများ အကြားတွင် လုပ်ဆောင်ရမည့်အပိုင်းအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သွားလာသည့်နေရာတွင် Safety ဖြစ်စေရန် ဟိုတယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ တစ်ဆင့်လိုအပ်သည့် စည်းကမ်းချက်များ ထုတ်ပြန်မည်ဖြစ်ကာ ယင်းသို့ထုတ်ပြန်ပြီးမှသာ သွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်မောင်က ဆက်လက်ပြောကြားသည်။

လောင်းလုံးဘုတ်ကျွန်းစုတန်းမှာ အင်္ဂလိပ်အစိုးရလက်ထက် ၁၉၂၇ ခုနှစ်က မြန်မာပြည်တွင် ပထမဦးဆုံးသဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent