ကချင်ပြည်နယ်တွင် တစ်နှစ်သက်တမ်းရှိ အလုပ်သမား မှတ်ပုံတင်ဖြင့် ဝင်ရောက်နေသူ တရုတ်နိုင်ငံသား လုပ်သားပေါင်း ၃၅၀၀ ကျော်ရှိ

ကချင်ပြည်နယ်တွင် တစ်နှစ်သက်တမ်းရှိ အလုပ်သမား မှတ်ပုံတင်ဖြင့် ဝင်ရောက်နေသူ တရုတ်နိုင်ငံသား လုပ်သားပေါင်း ၃၅၀၀ ကျော်ရှိ
Published 22 June 2018

ကချင်ပြည်နယ်တွင် တစ်နှစ်သက်တမ်းရှိ WP (Work Permit) အလုပ်သမား မှတ်ပုံတင်ဖြင့် ဝင်ရောက်နေသူ တရုတ်နိုင်ငံသား လုပ်သားပေါင်း ၃၅၀၀ ကျော်ရှိကြောင်း ပြည်နယ်အစိုးရအစိုးရအဖွဲ့က ပြောကြားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်က “ကချင်ပြည်နယ်အတွင်းက တည်ဆောက်ရေးလုပ်ငန်း၊ စီမံကိန်းလုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက်လုပ်ကိုင်တာ ရှိပါတယ်။ ရေအားလျှပ်စစ်၊ လမ်းပိုင်းကိစ္စတွေမှာ၊ ပုဂ္ဂလိကစိုက်ခင်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ခွင့်ပြုတဲ့နည်းလမ်းက BP (ယာယီနယ်စပ် ဖြတ်ကျော်ခွင့်) ကို နှစ်နိုင်ငံ ကျင့်သုံးပါတယ်။ ကန်ပိုင်တည်၊ လွယ်ဂျယ်၊ ပန်ဝါတွေမှာ လုပ်ခွင့်ရှိပါတယ်။ သက်ဆိုင်ရာခရိုင်အတွင်း ၁၃ ညအိပ် ၁၄ ရက် ခရီးဖြစ်ပါတယ်။ နောက်တစ်ခုက တစ်နှစ်သက်တမ်းရှိ Work Permit ကတ်များ ထုတ်ပေးပါတယ်။ သုံးလတစ်ခါ သက်တမ်းတိုးရပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာန နိုင်ငံတော်သမ္မတရုံးကို တင်ပြရပါတယ်။ အခွန်အခကို သက်ဆိုင်ရာဂိတ်မှာ ပေးဆောင်ရပြီး အခွန်ကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေထဲကို သွင်းရပါတယ်။ လက်ရှိ ၂၀၁၈ မေလကုန်အထိ ကချင်ပြည်နယ်အတွင်းမှာ WP ကိုင်ဆောင်တဲ့ တရုတ်နိုင်ငံ ၃၅၇၉ ဦး ရှိပါတယ်။ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ မှတ်ပုံတင်တွေကိုလည်း ဂိတ်တွေမှာ မှတ်တမ်းမှတ်ရာတွေနဲ့ ရှိပါတယ်။ ခိုးဝင်လာတာတွေ ရှိနိုင်ပါတယ်။ နယ်စပ်ကို လက်ချင်းချိတ်ပြီး ကာကွယ်လို့ မရနိုင်သေးပါဘူး” ဟု ပြောကြားသည်။

မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ် မတ် ၂၅ ရက်က ချုပ်ဆိုခဲ့သည်။

သဘောတူစာချုပ်အရ နှစ်နိုင်ငံနယ်စပ် ထွက်ပေါက်ရှစ်ခု သတ်မှတ်ထားရှိကြောင်း၊ ကချင်ပြည်နယ်တွင် လေးခုရှိပြီး လောလောဆယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုင်တည် နယ်စပ်ဂိတ်များ ဖွင့်လှစ်ထားကြောင်း၊ လိုင်ဇာဝန်းကျင်ထွက်ပေါက်မှာ နယ်မြေလုံခြုံရေး အခြေအနေကြောင့် ပိတ်ထားပြီး ဖီမော်၊ ရှိန်းခေါင်၊ မန်ဝိန်းကြီး စသည့် ဒေသခံပြည်သူများမှာ ခက်ခဲသည့် အခြေအနေများ ရှိနေကြောင်း၊ အောက်ခြေတွင် ပြဿနာဖြစ်ပွားပါက ညှိနှိုင်း ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ ဆက်ဆံရေးရုံးများကိုလည်း မြစ်ကြီးနားနှင့် လွယ်ဂျယ်မြို့များတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

Most Read

Most Recent