အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ် ဖြန့်ဖြူးနေသည့် ရန်ကုန်တိုင်းတွင် မြို့နယ်အချို့၌ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားနေ

အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ် ဖြန့်ဖြူးနေသည့် ရန်ကုန်တိုင်းတွင် မြို့နယ်အချို့၌ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားနေ
Published 29 February 2024

အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ် ဖြန့်ဖြူးနေသည့် ရန်ကုန်တိုင်းတွင် မြို့နယ်အချို့၌ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားနေကြောင်း ရန်ကုန်မြို့ခံအချို့က ပြောကြားသည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ မြို့နယ်အချို့တွင် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

" မီးကလာရမယ့်အချိန်ကို ခဏလာတယ်။ ပြီးတာနဲ့ ပြန်ပြတ်သွားရော။ လေးနာရီအလှည့်ကျ လာရမယ့်အချိန်မှာ မလာတာတွေ ဖြစ်လာတယ်။ ပြတ်ရမယ့်အချိန်ကတော့ ပိုဆိုးတာပေါ့" ဟု ဒေါပုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဒေါပုံ၊ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ လှိုင်၊ လသာ၊ မရမ်းကုန်း အစရှိသည့်မြို့နယ်များတွင်လည်း လျှပ်စစ်မီးပြတ်တောက်မှုများ အချိန်ကြာမြင့်စွာဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ပတ်သက်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဓာတ်အားလိုင်းတည်ဆောက်ခြင်းများ၊ တိုးချဲ့သွယ်တန်းထားသည့် ထရန်စဖော်မာများကို ဓာတ်အားသွယ်တန်းခြင်းများ ပြုလုပ်မည်ဖြစ်သဖြင့် နေရာအချို့တွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ရေးဌာနခွဲ၏  ရန်ကုန်-မန္တလေးအမြန်လမ်း၊  66/11kV, 20MVA GIS ဓာတ်အားခွဲရုံအား ဓာတ်အားပေးနိုင်ရန် 66kV ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် 66kV လှော်ကား - လှည်းကူး - ရွှေပေါက္ကံ ဖီဒါအား ဖေဖော်ဝါရီ ၂၉ရက် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သဖြင့် လှည်းကူး၊ ဖောင်ကြီးမြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်နေရာအချို့နှင့် ရွှေပေါက္ကံစက်မှုဇုန်တို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။

ထို့ပြင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ 66/11kV,(20)MVA ယုဇနဓာတ်အားခွဲရုံတွင် တိုးချဲ့တည်ဆောက်ထားသော 66/11kV,(20)MVA ထရန်စဖော်မာ(၁)လုံးအား ဓာတ်အားဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် 230kV ဧရာဝဏ်ဓာတ်အားခွဲရုံမှဓာတ်အားပေးထားသော 66kVဧရာဝဏ်ဖီဒါ (၂) ဓာတ်အားလိုင်းအား ဓာတ်အားပိတ်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂၉ ရက် နေ့လည် ၁၁နာရီမှ ညနေ ၃ နာရီ အထိ ဆောင်ရွက်မည်ဖြစ်သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၏ ရပ်ကွက်နေရာ အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ထပ်မံထုတ်ပြန်ထားသည်။

Most Read

Most Recent