၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် UPDJC နှင့် ဆက်စပ်အစည်းအဝေးများကို ယခုလနောက်ဆုံးပတ်တွင် ဆက်တိုက်ပြုလုပ်သွားမည်

၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် UPDJC နှင့် ဆက်စပ်အစည်းအဝေးများကို ယခုလနောက်ဆုံးပတ်တွင် ဆက်တိုက်ပြုလုပ်သွားမည်
Published 19 June 2018

ဇွန် ၁၆ ရက်က ရန်ကုန်မြို့တွင် UPDJC အတွင်းရေးမှူးအဖွဲ့ အလွတ်သဘောအစည်းအဝေး ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ - Myo Win Facebook)

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နှင့် ဆက်စပ်အစည်းအဝေးများကို ယခုလနောက်ဆုံးပတ်တွင် ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)  ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

“လာမယ့် ၂၅ ရက်နေ့မှာတော့ UPDJC အတွင်းရေးမှူးအဖွဲ့တွေရဲ့ အစည်းအဝေး ရှိပါတယ်။ အဲဒီအစည်းအဝေးပြီးရင် ၂၆၊ ၂၇၊ ၂၈ သုံးရက်မှာ လုပ်ငန်းကော်မတီ အစည်းအဝေးပေါ့။ အခု ကျွန်တော်တို့လုပ်တဲ့ လုပ်ငန်းကော်မတီအစည်းအဝေးကျတော့ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့က လုပ်ငန်းကော်တီတွေချည်းပဲ သက်သက်လုပ်တာပေါ့လေ။ နေပြည်တော်မှာ သုံးရက်လုပ်မယ့် လုပ်ငန်းကော်မတီ အစည်းအဝေးမှာကျတော့ အစုအဖွဲ့သုံးခုစလုံး တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ရော၊ နိုင်ငံရေးပါတီအစုအဖွဲ့ရော၊အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစု အဖွဲ့ရော အဲဒီအစုအဖွဲ့အားလုံးပါတဲ့ လုပ်ငန်းကော်မတီ အစည်းအဝေးပေါ့။ အဲဒီ အစည်းအဝေးမှာပဲ ကျင်းပရေးရက်တွေကို ဆက်လက်ညှိနှိုင်းသွားမှာပါ။ UPDJC အစည်းအဝေးကိုတော့ ၂၉ ရက်နေ့ကို ကျွန်တော်တို့က လျာထားတယ်။ အဲဒီရက်ဝန်းကျင်မှာဖြစ်မယ့် UPDJC အစည်းအဝေးကတော့ ညီလာခံကျင်းပရေး ရက်ညှိနှိုင်းတာတွေ၊ သတ်မှတ်တာတွေ၊ ဆုံးဖြတ်တာတွေ လုပ်သွားမှာပါ” ဟု ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပမည့်ရက်ကို အဆိုပါရက်အတွင်း ကျင်းပမည့် UPDJC အစည်းအဝေးက ဆုံးဖြတ်မည်ဖြစ်ကာ လတ်တလောတွင် ရက်သတ်မှတ်ရခြင်း မရှိသေးသော်လည်း ဇူလိုင် ဒုတိယပတ်တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

“အဲဒီတော့ ဒီကြားထဲမှာတော့ တခြားအစည်းအဝေးတွေ သိပ်ရှိမှာမဟုတ်ဘူး။ အဲဒီ ၂၅ ရက် နောက်ပိုင်းကနေ လကုန်အထိ UPDJC စတဲ့အစည်းအဝေးတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်သွားမှာပါ” ဟု ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)  ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အလွတ်သဘော အစည်းအဝေးနှင့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ လုံခြုံရေးကဏ္ဍ အလွတ်သဘော အစည်းအဝေးကို ဇွန် ၁၆ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတတိယအစည်းအဝေးတွင် တင်ပြနိုင်ရေးအတွက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ပြင်ဆင်မှုအစည်းအဝေးများနှင့် လုံခြုံရေးကဏ္ဍ ပြင်ဆင်မှုအစည်းအဝေးများကို ဇွန် ၁၅ ရက်မှ ၁၇ ရက်အတွင်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေးများသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့မှ ကဏ္ဍငါးရပ်ရှိ လုပ်ငန်းကော်မတီများတွင် ပါဝင်သူများ တက်ရောက်ခဲ့ကြပြီး ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ညီလာခံတွင် ဆွေးနွေးမည့်အကြောင်းအရာများနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

Most Recent