ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာတွင် မဲဆန္ဒရှင်စာရင်းပြုစုပြီးဖြစ်ကာမဲဆန္ဒရှင် ကိုးသိန်းကျော်ရှိနိုင်ဟု ခန့်မှန်း

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာတွင် မဲဆန္ဒရှင်စာရင်းပြုစုပြီးဖြစ်ကာမဲဆန္ဒရှင် ကိုးသိန်းကျော်ရှိနိုင်ဟု ခန့်မှန်း
Published 17 June 2018

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာတွင် မဲဆန္ဒရှင် စာရင်းပြုစုပြီးဖြစ်ကာ မဲဆန္ဒရှင် ကိုးသိန်းကျော် ရှိနိုင်သည်ဟုခန့်မှန်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က The Daily Eleven သတင်းစာကို ပြောကြားသည်။

လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာအနက် မဲဆန္ဒရှင်နှစ်သိန်းကျော်ရှိသည့် မြင်းခြံမဲဆန္ဒနယ်သည် မဲစာရင်းပြုစုခြင်းမှာ ဇွန် ၁၅ ရက်တွင် ပြီးပြတ်ခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။

“မဲစာရင်းပြုစုတာ ပြီးသွားပါပြီ။ အကုန်ပြီးသွားပါပြီ။ သေချာပေါင်းမကြည့်ရသေး ဘူး။ ခန့်မှန်းတာတော့ ကိုးသိန်းကျော်၊ ကိုးသိန်းနီးပါးလောက်တော့ ခန့်မှန်းထားတယ်။ မဲစာရင်းတွေကို ဇူလိုင်လဆန်းလောက် ကပ်ဖို့ မှန်းထားတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောကြားသည်။
နိုဝင်ဘာ (၃) ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင် စာရင်းကိုကြေညာရာတွင် အိမ်ထောင်စုအလိုက် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

“မဲစာရင်းကပ်တဲ့အခါ လာကြည့်ကြပါ။ မိမိနဲ့ပတ်သက်ပြီးတော့ ဖော်ပြတဲ့အချက်အလက်တွေ မှန်လား၊ မှားလားပေါ့။ မပါသင့်တဲ့လူတွေ ဘယ်သူတွေပါလဲ ထောက်ပြပေးရင်တော့ ပိုကောင်းတာပေါ့” ဟု ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

လက်ရှိတွင် နိုဝင်ဘာ ၃ ရက်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်စာရင်းပြုစုရာတွင် မတူပီမဲဆန္ဒနယ်တွင် မဲဆန္ဒရှင် ၁၇၄၈၉ ဦး၊ ကန်ပက်လက် မဲဆန္ဒနယ်တွင် ၁၂၄၇၅ ဦး၊ တမူးမဲဆန္ဒနယ်တွင် ၃၄၈၃၂ ဦးရှိကြောင်း ဦးမြင့်နိုင်၏ ပြောကြားထားချက်အရ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များမှာ ကန်ပက်လက်၊ လဲချား၊ တာမွေ၊ မြင်းခြံတို့ ဖြစ်ပြီး လစ်လပ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒအမှတ် (၂) (အကျုံးဝင်သောမြို့နယ် မြစ်ကြီးနား) ဖြစ်သည်။

ထို့အတူ လစ်လပ် တိုင်းဒေသကြီး/ပြည် နယ် လွှတ်တော်မဲဆန္ဒနယ်များမှာ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ ဖြစ်သည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က “ကျွန်တော်တို့ကတော့ လွတ်လပ်ရမယ်။ မျှတရမယ်။ အများပြည်သူ လက်ခံရမယ်။ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်မယ်ဆိုတဲ့ အချက်ကြီးငါးချက်နဲ့ ဆောင်ရွက်နေတာပေါ့” ဟု ပြောကြားသည်။

လက်ရှိတွင် အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ချက်များကို စောင့်ကြည့်လျက်ရှိပြီး ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်သင့်၊ မပြိုင်သင့်ကို စဉ်းစားလျက်ရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူများက ပြောကြားထားသည်။ မျိုးမင်းထက်

Most Read

Most Recent