မြစ်ကြီးနား အကျဉ်ထောင်တွင် ထောင်ဒဏ် ကျခံနေရသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း  ဒေါက်တာ ခလမ်ဆမ်ဆွမ် ပြန်လည်လွတ်မြောက်

မြစ်ကြီးနား အကျဉ်ထောင်တွင် ထောင်ဒဏ် ကျခံနေရသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း  ဒေါက်တာ ခလမ်ဆမ်ဆွမ် ပြန်လည်လွတ်မြောက်
Photo - Zahkung Brang Nu Facebook
Photo - Zahkung Brang Nu Facebook
Published 17 April 2024

မြစ်ကြီးနားအကျဉ်ထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း လက်ရှိ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ်သည် ယနေ့(ဧပြီ ၁၇ ရက်)တွင် ပြန်လည်လွတ်မြောက်လာ ကြောင်းသိရသည်။

ဒေါက်တာခလမ်ဆမ်ဆွမ်အား မြစ်ကြီးနားအကျဉ်းထောင် အထူးတရားရုံးက ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်တွင် မတရားအသင်းဆယ်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ်နှစ်နှစ်၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(က)ဖြင့် ထောင်ဒဏ် တစ်နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ်သုံးနှစ် စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွမ်သည် မန္တလေးတံတားဦးလေဆိပ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး  ဒီဇင်ဘာ ၂၈ ရက်တွင် မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

သိက္ခာတော်ရဆရာဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွမ်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)တွင် အတွင်းရေးမှူး အဖြစ်ရှစ်နှစ်၊ ဥက္ကဋ္ဌအဖြစ်လေးနှစ် တာဝန်ထမ်းဆောင်ပြီးနောက် လက်ရှိတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။

ထို့အပြင် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့(WMR) တွင် လက်ရှိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွမ်ကို လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ် ၂၆ ရက်ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်က အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် အိမ်ဖြူတော်တွင်တွေ့ဆုံစဉ် ဘာသာရေးကိစ္စရပ်များ၊ လက်နက်ကိုင်ပဋိပက္ခများ တင်ပြမှုကို အကြောင်းပြုကာ မြစ်ကြီးနားမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ထို့နောက် ယင်းအမှုကို တပ်မတော်က ၂၀၁၉ခုနှစ် စင်တင်ဘာ ၉ ရက်တွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။

 

Most Read

Most Recent