သာစည်မြို့နယ် ပြည်ညောင်ကျေးရွာတွင် အရက်မူးပြီး မိခင်အားနှိပ်စက်သည့် ဖခင်အား သားဖြစ်သူက ဓားဖြင့် ထိုးသတ်

သာစည်မြို့နယ် ပြည်ညောင်ကျေးရွာတွင် အရက်မူးပြီး မိခင်အားနှိပ်စက်သည့် ဖခင်အား သားဖြစ်သူက ဓားဖြင့် ထိုးသတ်
Published 12 June 2018

မိတ္ထီလာခရိုင် သာစည်မြို့နယ် ပြည်ညောင်ကျေးရွာတွင် အရက်မူးပြီး မိခင်အား နှိပ်စက်သည့် ဖခင်အားသားဖြစ်သူက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၀ ရက်က သာစည်မြို့ နယ် ပြည်ညောင်ကျေးရွာနေ ဒေါ်ညိုချောသည် နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးသိန်းဌေး အသက် (၄၅ နှစ်) မှာ အရက်သေစာ သောက်စားမူးယစ်ရန်လုပ်ကာ ခြေထောက်ဖြင့် မျက်နှာအား ကန်သဖြင့် ဒဏ်ရာရရှိခဲ့ပြီး ကြောက်လန့်ကာ အသက်ငါးနှစ်အရွယ်ရှိ သားငယ်ဖြစ်သူအား ခေါ်ဆောင်ပြီး အမှတ် (၄) ရပ်ကွက် ပြည်ညောင်ကျေးရွာရှိ သားအကြီး၏ သူငယ်ချင်းဖြစ်သူနေအိမ်သို့ သွားရောက် အိပ်နေခဲ့ကြောင်း သိရသည်။

ထို့သို့ သွားအိပ်နေစဉ် ဇွန် ၁၀ ရက် ညပိုင်းတွင် သားအကြီးဖြစ်သူ ရဲဝင်းထက် အသက် (၁၇ နှစ်) နှင့် သူငယ်ချင်းဖြစ်သူ ဇော်မင်းထွေး အသက် (၁၈ နှစ်) တို့ ပြန်လည်ရောက်ရှိလာပြီး မေးမြန်းသဖြင့် ခင်ပွန်းဖြစ်သူက အရက်မူးပြီး ရန်လုပ်သဖြင့် အိမ်တွင်မနေရဲကြောင်းပြောရာ သားအကြီးဖြစ်သူ ရဲဝင်းထက် အသက် (၁၇ နှစ်) သည် ညီဖြစ်သူအားခေါ်ကာ ၁၃ လက်မခန့်ရှိ သစ်သားရိုးတပ် ဓားဦးချွန်ကိုင်ဆောင်ကာ ထွက်သွားခဲ့ပြီး ခဏအကြာတွင် အသက်ငါးနှစ်အရွယ် သားငယ်ဖြစ်သူမှာ ပြန်လည်ရောက်ရှိလာကာ သားကြီးဖြစ်သူ ရဲဝင်းထက် ဓားဖြင့်ထိုးသဖြင့် ဖခင်ဦးသိန်းဌေး သေဆုံးပြီဖြစ်ကြောင်း ပြောသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ဦးသိန်းဌေးမှာ လက်ယာရင်အုံထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဦးခေါင်းထိပ်ပြတ်ရှ ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဇွန် ၁၁ ရက် နံနက် ၂ နာရီကျော်တွင် ယင်းမာပင်နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

“မအေက ရွာထဲချင်းပဲ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက် သွားရှောင်နေတာ။ သူ့အမေက ကျန်းမာရေးမကောင်းဘူး။ လေတစ်ခြမ်း ဖြတ်ထားတာ။ အမြဲတန်းရိုက်နှက်နေတဲ့ အခါကျတော့ ကလေးမရှိတော့ မနေရဲဘူး။ အဲဒါနဲ့ သားသူငယ်ချင်းအိမ် သွားအိပ်နေတာ။ အဲဒီမှာ သားလုပ်တဲ့လူက အလုပ်က ပြန်လာပြီး သူ့ညီနဲ့ သူ့အမေကို မေးကြည့်တော့ နှိပ်စက်လို့ဆိုတာနဲ့ သူ့ညီကိုခေါ်ပြီး သူ့တို့နေတဲ့အိမ်ကို ပြန်သွားပြီး လုပ်လိုက်တာလို့ သိရတယ်။ မနေ့ညကမှ မအေနဲ့ သားကို စခန်းပို့လိုက်ရတယ်။ ကလေးက အသက်(၁၇ နှစ်) ပဲရှိသေးတယ်” ဟု သာစည်မြို့နယ် ပြည်ညောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းက ဇွန် ၁၁ ရက် နံနက်ပိုင်းက ပြောကြားသည်။

အဆိုပါ အမှုအား ယင်းမာပင်နယ်မြေ ရဲစခန်းက (ပ)၃၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent