ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ မန္တလေးတိုင်းသို့ သယ်ဆောင်သည့် ကျပ်သိန်း ၇၆၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် စိတ်ပြောင်းဆေးဝါးများ နောင်ချို မြို့တွင် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ မန္တလေးတိုင်းသို့ သယ်ဆောင်သည့် ကျပ်သိန်း ၇၆၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် စိတ်ပြောင်းဆေးဝါးများ နောင်ချို မြို့တွင် ဖမ်းဆီးရမိ
ဖမ်းဆီးရမိသူများအား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်။  (ဓါတ်ပုံ_ CCDAC MYANMAR)
ဖမ်းဆီးရမိသူများအား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်။  (ဓါတ်ပုံ_ CCDAC MYANMAR)
Published 2 March 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းသို့ သယ်ဆောင်သည့် ကျပ်သိန်း ၇၆၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် စိတ်ပြောင်းဆေးဝါးများ နောင်ချိုမြို့တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်တွင် နောင်ချိုမြို့၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လားရှိုး - မန္တလေး ပြည်ထောင်စုလမ်းမကြီးအတိုင်း ကျောက်မဲဘက်မှ နောင်ချိုဘက်သို့ မင်းမင်းကို မောင်းနှင်လာသော HYUNDAI GRAND STAREX မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ကျပ်သိန်း ၇၆၉၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၉ သိန်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ ကျော်သူအောင် အား နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးတွင် NISSAN AD VAN မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ ယင်းသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent