ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီးတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံရပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် ယာဉ်နောက်လိုက်တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိ

ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီးတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံရပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် ယာဉ်နောက်လိုက်တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိ
Published 5 April 2024

ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဧပြီ ၄ ရက်ညပိုင်းက ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့်အတွက် ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ကျည်ထိမှန်ဒဏ် ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံရသည့် ခရီးသည်တင်မှန်လုံယာဉ်မှာ အောင်ကျော်မိုးယာဉ်လိုင်း မှယာဉ်ဖြစ်ကြောင်းနှင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက်နှစ်ဦးနှင့် ခရီးသည်အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၇ ဦး လိုက်ပါလာပြီး ဧရာဝတီတိုင်းဒေသကြီးမှ မော်လမြိုင်မြို့သို့ လာရောက်သည့် ခရီးသည်တင်ယာဉ်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၄ ရက် ည ၉ နာရီဝန်းကျင်က ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၁) နှင့် (၁၃၁/၂) ကြားတွင် အဆိုပါအောက်ကျော်မိုး ခရီးသည်တင်မှန်လုံယာဉ်မှာ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ယာဉ်နောက်လိုက်တစ်ဦးဖြစ်တဲ့ ကိုဇင်ကိုလတ်ကတော့ လည်ပင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့အချိန်မှာပဲ သေဆုံးသွားတာလို့ သိရတယ်။ နောက်ထပ် ယာဉ်နောက်လိုက်တစ်ဦးဖြစ်တဲ့ ကိုဇေယျာထွန်းရယ်၊ ခရီးသည်တွေဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာမှာနေတဲ့ အသက် ၅၀ အရွယ် ဦးထွန်းထွန်းနဲ့ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ရေကျော်ချောင်ကျေးရွာနေ အသက် ၁၇ နှစ်အရွယ် မနှင်းဝေဇင်တို့လည်း ကျည်ထိမှန်ဒဏ်ရာတွေရသွားတယ်” ဟု ပြောကြားသည်။

ထို့ပြင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရ၍ အောင်ကျော်မိုးခရီးသည်တင်မှန်လုံယာဉ်၏ ရှေ့လေကာမှန်ကြီးနှင့် ဘေးပတ်လည်ရှိ မှန်များ ကွဲကြေပျက်စီးခဲ့သည့်အပြင် မှန်လုံယာဉ်၏ ကိုယ်ထည်မှာလည်း မိုင်းစထိမှန်ကာ ပျက်စီးမှုများရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ကျည်ထိမှန်ဒဏ်ရာများရရှိသူများအား သထုံမြို့နှင့် နောင်ဘိုကျေးရွာရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၇ ရက် ညပိုင်းကလည်း သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် လူနာတင်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည့်အတွက် လူနာတင်ယာဉ်၏ ယာဉ်မောင်းနှင့် လူနာတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent