သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် အရက်အတူသောက်ကာပြန်လာသည့် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို လည်ပင်းညစ်ပြီး အုတ်တံတားနှင့် ကိုင်ဆောင့်ရာမှ ဇနီးဖြစ်သူ သေဆုံးမှုဖြစ်ပွား

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် အရက်အတူသောက်ကာပြန်လာသည့် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို လည်ပင်းညစ်ပြီး အုတ်တံတားနှင့် ကိုင်ဆောင့်ရာမှ ဇနီးဖြစ်သူ သေဆုံးမှုဖြစ်ပွား
Published 5 March 2024

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် နန်းတောင်စုပိုင်းတွင် မတ် ၃ ရက် ည ၁၂ နာရီခန့်က အရက်အတူသောက်ပြီးပြန်လာသည့် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို လည်ပင်းညစ်ပြီး အုတ်တံတားနှင့် ကိုင်ဆောင့်ခဲ့ရာမှ ဇနီးဖြစ်သူ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် နန်းတောင်စုပိုင်းနေ အသက် (၆၇) နှစ်အရွယ် ဦးစောဖေနှင့် ဇနီးဖြစ်သူ အသက် (၅၅) နှစ်အရွယ် ဒေါ်မြင့်ဝင်းတို့နှစ်ဦးမှာ ခြံဝင်းတစ်ခုအတွင်း အရက်အတူသောက်စားပြီးနောက် နေအိမ်သို့ ပြန်လာရာမှ နေအိမ်အနီးရှိ အုတ်တံတားပေါ်အရောက်တွင် စကားများရန်ဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဲ့ဒီမှာ ဦးစောဖေက ဒေါ်မြင့်ဝင်းရဲ့ လည်ပင်းကို ညှစ်ပြီးတော့ အုတ်တံတားကွန်ကရစ်ကြမ်းပြင်နဲ့ ကိုင်ဆောင်လိုက်လို့ ဒေါ်မြင့်ဝင်းမှာ လည်ပင်းညိုမဲဒဏ်ရာနဲ့ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့ပြီး အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးခဲ့တယ်လို့ သိရတယ်” ဟု ပြောကြားသည်။

သေဆုံးသူ ဒေါ်မြင့်ဝင်း၏ ရုပ်အလောင်းအား သုဝဏ္ဏဝတီမြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးစောလှဖေအား သိမ်ဆိပ်နယ်မြေရဲစခန်းတွင် (ပ) ၁၅/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent