ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် အတူနေ ဆရာမတစ်ဦးအား သတ်ဖြတ်ကာ လုယက်မှုကျူးလွန်သူ ယင်းကျောင်း၏ ဒုတိယနှစ်ကျောင်းသားအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိ

ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် အတူနေ ဆရာမတစ်ဦးအား သတ်ဖြတ်ကာ လုယက်မှုကျူးလွန်သူ ယင်းကျောင်း၏ ဒုတိယနှစ်ကျောင်းသားအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိ
Published 2 November 2024

ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်း ၌ ကျောင်းအုပ်ဆရာမကြီးနှင့်အတူနေ ဆရာမတစ်ဦးအား သတ်ဖြတ်လုယက်မှုကျူးလွန်သူ ယင်းကျောင်း၏ ဒုတိယနှစ်ကျောင်းသားအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၂ ရက်) နံနက် ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီ၏နေအိမ်၌ အဆိုပါကျောင်းတွင် တက်ရောက်နေသည့် ဒုတိယနှစ်ကျောင်းသားဖြစ်သူ မျိုးမင်းသူ သည် နေအိမ်အတွင်းဝင်ရောက်၍ ဆရာမကြီး ဒေါ်ဝင်းရီနှင့်အတူနေ ကျောင်းဆရာမ ဒေါ်အွန်စော တို့အား ဓားဖြင့်ထိုးခုတ်၍ နေအိမ်အတွင်းရှိ စိန် တစ်လုံးပါ တစ်မတ်သား လက်စွပ် တစ်ကွင်း ကာလတန်ဖိုး ကျပ် ၂၄ သိန်းခန့်နှင့် ငွေ ၁၂ သိန်းခွဲတို့အား လုယက် ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ လုယက်ခံရမှုဖြစ်စဉ်၌ ဆရာမကြီး ဒေါ်ဝင်းရီတွင် ဓားဒဏ်ရာများရရှိခဲ့ပြီး ဆရာမ ဒေါ်အွန်စောတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ ယနေ့(နိုဝင်ဘာ ၂ ရက်) နံနက် ၁၀ နာရီ ၅ မိနစ်တွင် ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီရပ်ကွက်၊ ဘောဂသီရိကားဝင်းရှိ နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာမည့် နေကြယ်မင်း ခရီးသည်တင်ယာဉ်ပေါ်မှ သတ်ဖြတ်လုယက်မှုကျူးလွန်သူ ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ဇေယျာဝတီမြို့၊ မြို့မ(၁)ရပ်ကွက်နေ မျိုးမင်းသူ အား ပြစ်မှုကျူးလွန်ရာမှ လုယက်ယူဆောင်လာသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် မျိုးမင်းသူအား စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်း၌ ကျောင်းတက်နေသည့် ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး ငွေကြေးအခက်အခဲများရှိနေခြင်း၊ ကျောင်းအုပ်ဆရာမကြီးမှ စိုက်ကွင်းများတွင် သင်ခန်းစာလက်တွေ့ လုပ်ခိုင်းသည်ကို မကျေနပ်သဖြင့် သတ်ဖြတ်လုယက်ရန် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီနှင့် ဆရာမ ဒေါ်အွန်စောတို့အား ဓားဖြင့် ထိုးခုတ်၍ နေအိမ်အတွင်းရှိ စိန် တစ်လုံးပါ တစ်မတ်သား လက်စွပ် တစ်ကွင်း ကာလတန်ဖိုး ကျပ် ၂၄ သိန်းခန့်နှင့် ငွေ ၁၂ သိန်းခွဲတို့အား လုယက်ယူဆောင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် နေအိမ်အတွင်း ဝင်ရောက်၍ ကျောင်းဆရာမနှစ်ဦးအား သတ်ဖြတ်ကာလုယက်မှု ကျူးလွန်ခဲ့သူ မျိုးမင်းသူ အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent