၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေမြုပ်မိုင်းများကြောင့် ထိခိုက်၊ သေဆုံးသူ မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ထိခိုက်၊ သေဆုံးသူအများဆုံးဖြစ်ခဲ့ကြောင်း မြေမြုပ်မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည်ရေးအဖွဲ့က နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က မြေမြုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သည့် ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၅၇၀၀ ကျော်ရှိခဲ့ကာ မြန်မာနိုင်ငံတွင် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ ၁၀၀၀ ကျော်အထိရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ယူကရိန်းတို့တွင်လည်း သေဆုံးသူများပြားခဲ့သည်ဟုဆိုသည်။
ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၅၃ နိုင်ငံတွင် မြေမြုပ်မိုင်းများနှင့်ဖောက်ခွဲရေးပစ္စည်းများကြောင်း လူပေါင်း ၁၉၈၈ ဦး သေဆုံးခဲ့ပြီး၊ လူပေါင်း ၃၆၆၃ ဦး ဒဏ်ရာရခဲ့ကာ ထိုအရေအတွက်သည် ၂၀၂၂ ခုနှစ်ကထက် ထိခိုက်၊ သေဆုံးသူ ၁၀၀၀ ခန့် ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်သည်။
ထိခိုက်၊ သေဆုံးသူစုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းမှာ အရပ်သားများဖြစ်ပြီး ၃၇ ရာခိုင်နှုန်းများကလေးသူငယ်များဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မြေမြုပ်မိုင်းများနှင့် ဆက်နွှယ်သည့် ထိခိုက်၊ သေဆုံးသူအားလုံးကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းမရှိသဖြင့် အမှန်တကယ် ထိခိုက်သေဆုံးသူအရေအတွက်သည် ပိုမိုများပြားနိုင်ကြောင်း မြေမြုပ်မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည်ရေးအဖွဲ့က ပြောကြားခဲ့သည်။
မြန်မာ၊ ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယားတို့သည် မြေမြုပ်မိုင်းအသစ်များ မြှုပ်နေကြောင်းစွပ်စွဲခံခဲ့ရပြီး ထိုနိုင်ငံများသည် မြေမြုပ်မိုင်းများ ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြုမှုကို တားမြစ်ထားသည့် နိုင်ငံတကာသဘောတူညီချက်ဖြစ်သည့် အော့တဝါစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပေ။
ထိုစာချုပ်တွင် ၁၉၉၉ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းကို တားမြစ်ခဲ့ပြီး နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားသော်လည်း အမေရိကန်၊ အစ္စရေးနှင့် ရုရှားတို့အပါအဝင် အင်အားကြီးနိုင်ငံများ ပါဝင်ခဲ့ခြင်းမရှိပေ။
ဂါဇာ၊ ကိုလံဘီယာ၊ အိန္ဒိယ၊ မြန်မာနှင့် အာဖရိက၏ ဆာဟယ်ဒေသများကဲ့သို့ ပဋိပက္ခများအတွင်း လက်နက်ကိုင်အဖွဲ့များအပါအဝင် Non States actor များကြောင့် မြေမြုပ်မိုင်းအသုံးပြုမှုများတွင် အရှုပ်အထွေးပြဿနာများ ဖြစ်ပွားစေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တရုတ်၊ ကျူးဘား၊ စင်ကာပူနှင့် ဗီယက်နမ်အပါအဝင် နိုင်ငံ ၁၂ နိုင်ငံတွင် မြေမြှုပ်မိုင်း ဆက်လက်ထုတ်လုပ်ခြင်း သို့မဟုတ် ဝယ်ယူခြင်းတို့ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။