မြဝတီမြို့ သဘာဝတရားဆေးရုံတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိ

မြဝတီမြို့ သဘာဝတရားဆေးရုံတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိ
Published 8 March 2024

ကရင်ပြည်နယ် မြဝတီမြို့ ကုန်သွယ်ရေးဇုန်အနီးရှိ သဘာဝတရားဆေးရုံတွင် မတ် ၈ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လူမှုကယ်ဆယ်ရေးအသင်းများက သေဆုံးဒဏ်ရာရရှိသူများအား အခြားဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြပြီး သဘာဝတရားဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြသော သက်ကြီးရွယ်အိုများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

“ဒီမနက် စောစော ၁၁ နာရီခန့်က ဆရာတော်စံကျောင်းပေါ်ကျပါတယ်၊ ဆရာတော်ရဲ့ စံကျောင်းပေါ်တစ်လုံး၊ ပက်လက်လူနာဆောင်မှာ တစ်လုံးကျတယ်။ အဲ့အဆောင်မှာ လူနာ ၃၁ ယောက်ရှိတာ နှစ်ယောက်က ပွဲချင်းပြီး သေသွားတယ်၊ ခုနစ်ဦးက ဒဏ်ရာရတယ်” ဟု သဘာဝတရားဆေးရုံတွင် ပရဟိတလုပ်ဆောင်နေသူတစ်ဦးက ပြောကြားသည်။

“မြဝတီသဘာဝတရားဆေးရုံမှာပါ။ ဆေးရုံမှာ အဘိုးအဖွားလူနာတွေ ၁၈၀ ခန့်ရှိပါတယ်။ စံကျောင်းပေါ်မှာ လူမရှိလို့ ထိခိုက်မှုမရှိပေမဲ့ ကျောင်းဆောင်နဲ့ ဆိုလာပြားတွေ ပျက်စီးသွားပါတယ်။ ဒဏ်ရာရသူတွေကိုလည်း ဆေးရုံပို့ဖို့ စီစဉ်နေပါတယ်” ဟုလည်း သဘာဝတရားဆေးရုံမှ တာဝန်ရှိသူတစ်ဦးက Live လွှင့်ပြီး ပြောကြားသည်။

အဆိုပါကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မြဝတီခရိုင် ဆေးရုံကြီးတွင် ကျည်စထိမှန်ဒဏ်ရာရလူနာများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြဝတီသဘာဝတရားဆေးရုံတွင် သက်ကြီးရွယ်အိုများ၊ ခိုကိုးရာမဲ့များ နာမကျန်းဖြစ်နေသူများဖြင့် ဆေးလာရောက်ကုသနေသူဦးရေ ၁၈၀ ကျော်ရှိကြောင်း၊ ၎င်းတို့ကို မြဝတီလူမှုကယ်ဆယ်ရေးအသင်းများက မော်တော်ယာဉ်များဖြင့် တိုက်ပွဲနှင့် လွတ်ကင်းရာ မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ရှိ စာသင်ကျောင်းသို့ ပို့ဆောင်နေရာချထားကြောင်း လူမှုကယ်ဆယ်ရေးအသင်းသားများထံမှ သိရသည်။

မြဝတီမြို့နယ် သဃ်န်းညီနောင်အနီးတွင် မတ် ၇ ရက် မွန်းလွဲပိုင်းမှ မတ် ၈ ရက် ညပိုင်းအထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

Most Read

Most Recent