■ ရွှေပြည်သာမြို့နယ်တွင် ပျောက်ဆုံးသွားသည့် ကလေးငယ်တစ်ဦးအား တောင်းရမ်းစားသောက်သည့်အဖွဲ့တွင် ပြန်လည်တွေ့ရှိ

■ ရွှေပြည်သာမြို့နယ်တွင် ပျောက်ဆုံးသွားသည့် ကလေးငယ်တစ်ဦးအား တောင်းရမ်းစားသောက်သည့်အဖွဲ့တွင် ပြန်လည်တွေ့ရှိ
■ ဓာတ်ပုံ - We Love Care လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်း ■ 
■ ဓာတ်ပုံ - We Love Care လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်း ■ 
Published 13 March 2024

ရွှေပြည်သာမြို့နယ်တွင် ပျောက်ဆုံးသွားသည့် ကလေးငယ်တစ်ဦးအား တောင်းရမ်းစားသောက်သည့်အဖွဲ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း We Love Care လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ စုံစမ်းသိရှိရသည်။

အသက် ငါးနှစ်အရွယ် ကလေးငယ်မှာ ရွှေပြည်သာကွေ့ပန်းခြံတွင် ဖခင်ဖြစ်သူနှင့်အတူ ဆော့ကစားနေစဉ် ဖခင်ဖြစ်သူက အပြင်ခဏထွက်သွားစဉ် မတ် ၁၂ ရက် ညနေ ၅ နာရီခွဲခန့်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

"ကလေးက ရွှေပြည်သာကွေ့ပန်းခြံမှာ အဖေနဲ့ အတူတူဆော့နေတာ။အဖေက ဝယ်စရာရှိလို့ ခနအပြင်သွားတဲ့ချိန်မှာ ဖြစ်သွားတာပါ။အဲ့ချိန်ကလေးက ပျောက်သွားတာ။ကလေးကို မုန့်ကျွေးမယ်ဆိုပြီး အသက် ဆယ်နှစ်ကျော်လောက်ရှိတဲ့ မိန်းကလေးတယောက်က ခေါ်သွားတာ။အမျိုးသမီးတယောက်က ဆိုင်ကယ်ကယ်ရီနဲ့ စောင့်နေတာ။အဲ့ဒါနဲ့ မိဘတွေကလည်း ကလေးပျောက်ကြေညာ လုပ်တယ်။ကျွန်တော်တို့ အဖွဲ့ကိုလည်း အကူအညီတောင်းတယ်။ဒီနေ့ ဆယ်နာရီလောက်မှာ ဒညင်းကုန်းလမ်းဆုံးနားမှာ ကလေးကို တောင်းရမ်းစားသောက်နေသူတွေနား ပြန်တွေ့တာပါ"ဟု We Love Care လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပျောက်ဆုံးခဲ့သည့် ကလေးငယ်အား ၄င်းနေထိုင်သည့် နေအိမ်ဘေးမှ အမျိုးသားတစ်ဦးက ပြန်လည်တွေ့ရှိခဲ့ပြီး ကလေးငယ်ကို မတ် ၁၃ ရက် နံနက် ၁၀ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး CCTV ကြည့်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ပျောက်နေတဲ့အချိန်ကြားထဲမှာ မိဘတွေကို ဖုန်းဆက်ပြီး ကလေးက ငါတို့နဲ့ရှိတယ်။ပိုက်ဆံဘယ်လောက်ပေးဆိုပြီး လိမ်တောင်းတဲ့သူတွေလည်း ရှိပါတယ်"ဟု We Love Care လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလပိုင်းအတွင်း လူပျောက်ကြော်ငြာများအား Facebook စာမျက်နှာတွင် အများအပြားတွေ့မြင်လာရကြောင်း သိရသည်။

 



 

Most Read

Most Recent