ဆည်တော်ကြီးဆည်အတွင်း စက်တပ်လှေငယ် နှစ်စီးဖြင့် မီးသွေးအိတ်များဖြင့် သိုဝှက်သယ်ဆောင်လာသော ၇ ဒသမ ၅ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ဆည်တော်ကြီးဆည်အတွင်း စက်တပ်လှေငယ် နှစ်စီးဖြင့် မီးသွေးအိတ်များဖြင့် သိုဝှက်သယ်ဆောင်လာသော ၇ ဒသမ ၅ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
Published 12 March 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးဆည်အတွင်း စက်တပ်လှေငယ် နှစ်စီးဖြင့် မီးသွေးအိတ်များဖြင့် သိုဝှက်သယ်ဆောင်လာသော ၇ ဒသမ ၅ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မတ် ၆ ရက် ညနေ ၆ နာရီခန့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ရာဇာမိုး၊ မလမင်းနွယ်၊ သိန်းဇော်(ခ)ချစ်မွှေး၊ အောင်ပိုင်၊ မဖြူဖြူထွေးနှင့် မယမင်းသူ(ခ)မင်းမင်းတို့ ခြောက်ဦးမှ စက်တပ်လှေငယ် နှစ်စီးဖြင့် မီးသွေးအိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသော ကျပ် ၇ ဒသမ ၅ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ခိုင်းသူ စိုင်းမင်းသူနှင့် ပူးပေါင်းပါဝင်သူ ထွန်းသန်းတို့ကို မတ် ၇ ရက် နံနက် ၇ နာရီအချိန် မတ္တရာမြို့နယ်၊ ဆည်တော်ကျေးရွာတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်သို့ ရေလမ်းကြောင်းအတိုင်း စက်တပ်လှေဖြင့် သယ်ဆောင်ခဲ့ပြီး မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent