မြောက်ဒဂုံမြို့နယ်တွင် အမှတ် ၃၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဇနီး သေနတ်ဖြင့် အပစ်ခံရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံး

မြောက်ဒဂုံမြို့နယ်တွင် အမှတ် ၃၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဇနီး သေနတ်ဖြင့် အပစ်ခံရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံး
Published 1 April 2024

မြောက်ဒဂုံမြို့နယ်တွင် အမှတ် ၃၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဇနီး သေနတ်ဖြင့် အပစ်ခံရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံးခဲ့သည်ဟု မြောက်ဒဂုံမြို့နယ်တွင်နေထိုင်သူများထံမှ သိရသည်။

မတ် ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူမှာ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

အမှတ် ၃၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းသည် ဇနီးဖြစ်သူ ဒေါ်စန္ဒာအေးနှင့်အတူ နေအိမ်မှ ဗိုလ်ဆွန်ပက်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဆိုင်ကယ်ဘေးတွဲဖြင့် သွားရောက်စဉ် ဗိုလ်ဇင်ယော်လမ်းသို့ အရောက်၌ သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်သည်ဟု NOM တွင် သတင်းဖော်ပြထားသည်ကို တွေ့ရသည်။

“၃၀ က ရပ်ကွက်အုပ်ချုပ်ရေးမှူး အပစ်ခံရတာ။ တာဝန်ရှိသူတွေက အခင်းဖြစ်နေရာကို စစ်ဆေးခဲ့တယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းမှာ ဦးခေါင်း၊ နဖူး၊ ရင်ညွန့်နှင့် လက်ယာဘက်နံဘေးတွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်ဟု NOM တွင် သတင်းဖော်ပြထားသည်။

ထို့ပြင် ဇနီးဖြစ်သူ ဒေါ်စန္ဒာအေးမှာလည်း ကျောကုန်းတွင် သေနတ်ဒဏ်ရာ နှစ်ချက်ရရှိ ခဲ့ပြီး စိုးရိမ်ရသည်ဟု သိရသည်။

အခင်းဖြစ်နေရာမှ ၉ မမ ကျည်ခွံခုနစ်ခုကို သိမ်းဆည်းရမိခဲ့သည်ဟု NOM တွင် သတင်းဖော်ပြထားသည်။

Most Read

Most Recent