ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ  နိုင်ဘထောက် သေနတ်ဖြင့် ပစ်သတ်ခံရ

ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ  နိုင်ဘထောက် သေနတ်ဖြင့် ပစ်သတ်ခံရ
Published 13 April 2024

ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်သူ အသက် ၇၈ နှစ်အရွယ် နိုင်ဘထောက် မှာ ဧပြီ ၁၃ ရက်  (မဟာသင်္ကြန်အကြိုနေ့ ) နံနက်ပိုင်းက သေနတ်နှင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

နိုင်ဘထောက်မှာ ယနေ့ နံနက် ၆ နာရီခွဲခန့်က ၎င်းနေထိုင်ရာ ပေါင်မြို့နယ် သဗြုချောင်ကျေးရွာရှိ နေအိမ်တွင်ရှိနေစဉ် မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် လူငယ် လေးဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နိုင်ဘထောက်တွင် ဝမ်းဗိုက် နှင့် ချိုင်းတို့၌ သေနတ်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “နိုင်ဘထောက်က ဆွမ်းလောင်းဖို့ နေအိမ်ရဲ့ လှေကားအနားမှာ ရှိနေတဲ့အချိန်မှာ သေနတ်သမားတွေရောက်လာပြီး ပစ္စတိုသေနတ်တွေနဲ့ပစ်သွားတာလို့ သိရတယ်။ နိုင်ဘထောက်က အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးခဲ့ရပါတယ်ဟု ပြောကြားသည်။

သေနတ်သမားများမှာ မွန်လုံချည် နှင့် အကျႌအမဲရောင်များဝတ်ဆင်ထားကြပြီး ဗမာအသံဖြင့် စကားပြောဆိုသွားသည်ဟု နိုင်ဘထောက်၏ မိသားစုဝင်တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

နိုင်ဘထောက် အား သေနတ်နှင့် ပစ်ခတ်သွားကြသည့် သေနတ်သမားများမှာ ရန်ကုန် - မော်လမြိုင်ကားလမ်းမအတိုင်း သထုံမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် နိုင်ဘထောက် ၏ သားဖြစ်သူ သဗြုချောင်အုပ်ချုပ်ရေးမှူး ဦးအောင်ငွေထွန်း မှာလည်း (၂၀၂၃) ခုနှစ် ဩဂုတ်လအတွင်းက ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေးရွာ ဘောလုံးကွင်းရှေ့တွင် သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခဲ့ရသော်လည်း အသက်သေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ပစ်ခတ်သတ်ဖြတ်မှုများမကြာခဏ ဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် ဧပြီလ (၁) ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်နေ ဦးမြအေး သည်လည်းကောင်း၊ ဧပြီလ (၃) ရက်နေ မွန်းလွဲပိုင်းအချိန်ကလည်း ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနေ တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးအကူ ဦးကျော်ကျော် သည်လည်းကောင်း သေနတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

အလားတူ ဧပြီလ (၇) ရက်နေ့က မွန်းလွဲပိုင်းအချိန်က ရေးမြို့နယ် ကော့ဒွတ်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးအနိုင်သည်လည်းကောင်း၊ ယင်းနေ့ ညပိုင်းက မုဒုံမြို့နယ် ကမာဝက်မြို့နေ နိုင်ထိန်ဝင်း (ခ) နိုင်မော့ နှင့် သားဖြစ်သူ မင်းသိန်းဉာဏ် သည်လည်းကောင်း သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး နိုင်ထိန်ဝင်း (ခ) နိုင်မော့ ၏ နောက်ထပ်သားတစ်ဦးမှာ သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent