ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ  ဘူတာ အရှေ့ရှိ စျေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံးပြီး စျေးဆိုင်ခန်း သုံးခန်း နှင့် လူနေအိမ် တစ်လုံး မီးလောင် ဆုံးရှုံး

ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ  ဘူတာ အရှေ့ရှိ စျေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံးပြီး စျေးဆိုင်ခန်း သုံးခန်း နှင့် လူနေအိမ် တစ်လုံး မီးလောင် ဆုံးရှုံး
Photo Credit - WYA
Photo Credit - WYA
Published 14 April 2024

ဧပြီ ၁၃ ရက် (မဟာသင်္ကြန်အကြိုနေ့) မွန်းလွဲ ၃ နာရီ ၂၅ မိနစ် ခန့်က ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ၊ ကျိုက္ကသာဘူတာရှိ ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာမှ  အမျိုးသားတစ်ဦး သေဆုံးပြီး၊ ဈေးဆိုင်ခန်း (၃) ခန်း နှင့် လူနေအိမ် (၁) လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှုဖြစ်စဉ်မှာ ကျိုက်ထိုမြို့၊ကျိုက္ကသာကျေးရွာ၊ ကျိုက္ကသာဘူတာရှေ့ရှိ  ဈေးဆိုင်တန်းတွင် နေထိုင်သူ ဦးနေလင်း ဆိုသူအား ၎င်း၏ဇနီးဖြစ်သူက အိပ်ခန်းအတွင်းသော့ခတ်ပိတ်ထားစဉ် အရက်ကြောင်၍ ဆိုင်ခန်းထရံအား မီးရှို့ခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ထို မီးလောင်မှုအား ကျိုက်ထိုမြိုနယ်မီးသတ်စခန်းမှဒု-ဦးစီးမှူး‌ ဦးရဲညွန့်ထွေး၊ ကျိုက္ကသာနယ်မြေစခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်သူထွန်းတို့ဦးဆောင်၍ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်(၉)ဦး၊ အရန်တပ်ဖွဲ့ဝင် (၅) ဦး နှင့်အတူ ဒေသခံပြည်သူများမှ  မီးငြိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၁) စီးတို့ဖြင့်မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ (၃) နာရီ (၃၁) မိနစ် အချိန်ခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဦးနေလင်း ဆိုသူပိုင်ဆိုင်သည့် (၁၀ × ၃၀) ပေ သွပ်မိုး၊ ထရံကာမြေစိုက်ဆိုင်ခန်း (၁) ခန်း၊ ဒေါ်နေခြည်ဦး ဆိုသူပိုင်ဆိုင်သည့် (၁၀ × ၃၀) ပေ သွပ်မိုး၊ ထရံကာမြေစိုက်ဆိုင်ခန်း (၁) ခန်း၊ လူမနေသည့် (၁၀ × ၃၀) ပေ သွပ်မိုး၊ ထရံကာမြေစိုက်ဆိုင်ခန်း (၁) ခန်း နှင့် (၁၅ × ၃၀) ပေ သွပ်မိုး၊ပျဉ်ကာ လူနေအိမ် (၁)လုံး၏အပေါ်ထပ်ပျဉ်ကာများမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မီးစတင်‌လောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ ဆိုင်ခန်းက ဦးနေလင်း ကတော့ မီးလောင်မှုမှာ သေဆုံးခဲ့ရပါတယ်" ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ထိုမီးလောင်မှုဖြစ်စဉ်နှင့် ပက်သက်၍ အရက်ကြောင်၍ မီးရှို့ခဲ့သူ ဦးနေလင်း အားအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။

အလားတူ ဧပြီလ (၁၃) ရက် မွန်းလွဲ (၂) နာရီအချိန်ခန့်ကလည်း မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် ဘီ‌လှိုင်ချောင်ရပ်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

 

 

Most Read

Most Recent