အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်အမှု လေးကြိမ်မြောက်ရုံးချိန်းတွင် တရားလိုအား အပြီးသတ်စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် နေပြည်တော်မှ တရားသူကြီးနှစ်ဦးအား ဆက်လက်စစ်ဆေးမည်

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်အမှု လေးကြိမ်မြောက်ရုံးချိန်းတွင် တရားလိုအား အပြီးသတ်စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် နေပြည်တော်မှ တရားသူကြီးနှစ်ဦးအား ဆက်လက်စစ်ဆေးမည်
Published 26 May 2018

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်အား လေးကြိမ်မြောက်ရုံးထုတ်လာသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - ကိုထိုက် (ခင်ဦး)

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်အမှုမှ တရားလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းရေးမှူး ဦးသန်းဇော်ဝင်းအား မေ ၂၅ ရက် ရုံးချိန်းတွင် အပြီးသတ်စစ်ဆေးခဲ့ပြီး ရှေ့လာမည့်ရုံးချိန်းတွင် နေပြည်တော်မှ တရားသူကြီးနှစ်ဦးကို ဆက်လက်စစ်ဆေးသွားမည်ကြောင်း တိုင်းတရားလွှတ်တော်မှ သတင်းရရှိသည်။

“ကနေ့ရုံးချိန်းမှာ တရားလိုလည်း တရားလို၊ အမှုစစ်လည်းဖြစ်တဲ့ အဂတိက ဦးသန်းဇော်ဝင်းကို စစ်ဆေးလို့ ပြီးသွားပါပြီ။ လာမယ့်ရုံးချိန်းမှာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၄ အရ သက်သေကြိုတင်ထွက်ချက်ယူထားတဲ့ နေပြည်တော်၊ လယ်ဝေးနဲ့ ပျဉ်းမနားက တရားသူကြီးနှစ်ဦးကို စစ်ပါမယ်။ အဲဒီကျမှ ဘယ်သက်သေတွေကို ကြိုတင်ထွက်ချက်ယူထားလဲဆိုတာ ကျွန်တော်တို့က တရားဝင်သိရမယ်။ ကြိုတင်ထွက်ချက်ယူတယ်ဆိုတာက သက်သေတစ်ယောက်ရဲ့ ထွက်ချက်ကို ရုံးရှေ့မှာ မယိမ်းယိုင်အောင် ဆောင်ရွက်တဲ့ ကိစ္စပါ။ ဒါကလည်း တရားလို ဦးသန်းဇော်ဝင်းဘက် ကလိုပြသက်သေအနေနဲ့ တင်ပြထားတာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်သည် ကျပ်သိန်း ၁၅၀၀ ကျော်အား အဂတိလိုက်စားကြောင်း ပေါ်ပေါက်ခဲ့သည် ဟုဆိုကာ ဧပြီ ၂၀ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အမှုဖွင့်ဖမ်းဆီးပြီးနောက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲတင်ပို့ခဲ့ပြီး မေ ၄ ရက်မှ စတင်ကာ တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ စုံစမ်းရေးမှူး ဦးသန်းဇော်ဝင်းကို စတင်စစ်ဆေးခဲ့သော်လည်း ပြီးပြတ်ခြင်းမရှိဘဲ ယခု မေ ၂၅ ရက်ရုံးချိန်းတွင် လည်းဆက်လက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် ၎င်း၏ လုပ်ကိုင်ခွင့်အခွင့် အာဏာကို အလွဲသုံးစားပြီး ၂၀၁၇ ခုနှစ် အတွင်း ၎င်းပိုင်ဆိုင်သည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အတွင်းအသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း၊ ယင်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက်နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန်တစ်ခု နှင့် ရေပန်းတစ်ခု စုစုပေါင်းတန်ဖိုးငွေ ၁၅၁၄၃၉၇၈၆ အား အဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟုဆိုကာ ဒေါက်တာသန်းထွဋ်အား ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အဂတိလိုက်စားမှုဖြင့် တရား စွဲဆိုခံရခြင်းနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်မှာ စွပ်စွဲခံနေရခြင်းသာဖြစ်သည် ဟုအမှုလိုက်ပါ ဆောင်ရွက်လျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးဆန်းအောင်က ပြောကြားသည်။

Most Read

Most Recent