တပ်မတော်နှင့် NCA ထိုးထားသော RCSS/SSA တို့ ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

တပ်မတော်နှင့် NCA ထိုးထားသော RCSS/SSA တို့ ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွား
Published 24 May 2018

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအနီးတွင် တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ မေ ၂၂ ရက် ညနေ ၃ နာရီခွဲဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

သျှမ်းသံတော်ဆင့်၏ ဖော်ပြချက်အရ တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲမှာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အဆိုပါတိုက်ပွဲတွင် တပ်မတော်၏ ကျည်ကပ်များ၊ ရေဘူးများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို RCSS က သိမ်းဆည်းရမိခဲ့ပြီး ဒေသခံများအား ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ “ကျွန်တော်ခရီးလွန်နေလို့ သေချာမသိသေးပါဘူး” ဟု RCSS တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသ ူတောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးစိုင်းဦးက ပြောကြားသည်။

မိုင်းခွန်ကျေးရွာအုပ်စုသည် မိုင်းကိုင်မြို့ အရှေ့ဘက်ရှိ နမ့်တိန်းချောင်း၏ အရှေ့ဘက်ကမ်းတွင်ရှိပြီး ကျေးသီးမြို့နယ်စပ်တွင်လည်း တည်ရှိနေကြောင်း၊ ကျေးသီးမြို့နယ်သည် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) အခြေစိုက်ရာ ဒေသလည်းဖြစ်ကြောင်း သိရသည်။

RCSS အနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးနောက် တပ်မတော်နှင့် RCSS တို့ ရှမ်းပြည်နယ် (တောင် ပိုင်း) တွင် မကြာခဏ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်တီ (JMC –S) မှ တစ်ဆင့် ဖြေရှင်းမှုများရှိခဲ့သည်။

ထို့ပြင်  RCSS အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်လည်း တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး တိုက်ပွဲများ ရပ်တန့်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး အဖြေရှာရန် စီစဉ်ထားသော်လည်း တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most Read

Most Recent