ရန်ကုန်ကန့်သတ်တားမြစ်နယ်မြေတွင် အနိမ့်ပျံသန်းခဲ့သော Emirates လေကြောင်းလိုင်းမှ လေယာဉ်မှူးအား အရေးယူနိုင်ရန် တရားဝင်အကြောင်းကြားစာ ပေးပို့ထား

ရန်ကုန်ကန့်သတ်တားမြစ်နယ်မြေတွင် အနိမ့်ပျံသန်းခဲ့သော Emirates လေကြောင်းလိုင်းမှ လေယာဉ်မှူးအား အရေးယူနိုင်ရန် တရားဝင်အကြောင်းကြားစာ ပေးပို့ထား
Published 23 May 2018

ရန်ကုန်ကန့်သတ်တားမြစ်နယ်မြေတွင် အနိမ့်ပျံသန်းခဲ့သော ယူအေအီးနိုင်ငံ Emirates လေကြောင်းလိုင်းမှ လေယာဉ်မှူးအား အရေးယူဆောင်ရွက်နိုင်ရန် တရားဝင် အကြောင်းကြားစာပေးပို့ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ မေ ၂၂ ရက်ညပိုင်း သတင်းထုတ်ပြန်မှုတွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရကြောင်း ဖော်ပြပါရှိသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာလေကြောင်းလိုင်းသို့ အရေးယူဆောင်ရွက်နိုင်ရန် တရားဝင်အကြောင်းကြားစာ ပေးပို့ထားသည့်အပြင် ယူအေအီးနိုင်ငံ၏ မြို့ပြလေကြောင်းဌာနသို့လည်း တရားဝင် အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလေကြောင်းလိုင်းနှင့် လေကြောင်းဌာနမှ စစ်ဆေးအရေးယူဆောင်ရွက်မှုကိုလည်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံ ပြန်လည်အကြောင်းပြန်ကြားပေးရန် ညှိနှိုင်းမည်ဖြစ်ကြောင်း၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်မြို့ပြဧရိယာအတွင်း အမြင့်ပေ ၂၄၀၀၀ အောက်ပျံသန်းမှုကို ကန့်သတ်တား မြစ်ထားပြီး ယူအေအီးနိုင်ငံ၊ Emirates  လေကြောင်းလိုင်း၏ Boeing 777 – 31 H (ER) လေယာဉ်သည် မေ ၂၀ ရက် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်-ဖနွမ်းပင်ခရီးစဉ်အတွင်း မြို့ပြလေကြောင်းလိုင်းများမပျံသန်း ရန်ကန့်သတ်တားမြစ်နယ်မြေဖြစ်သော ရန်ကုန်မြို့ပေါ်မှ ဖြတ်သန်းကာ အနိမ့်ပျံသန်းသွားခဲ့ခြင်းဖြစ်ကြောင်း ထိုသို့ ပျံသန်းသွားခဲ့ခြင်းမှာ ရာသီဥတုအခြေအနေကြောင့်ဖြစ်သည်ဟု ယင်းလေယာဉ်၏ လေယာဉ်မှူးက စစ်ဆေးမှုတွင် ပြောဆိုထားကြောင်းလည်း သတင်းဖော်ပြထားသည်။

သတ်မှတ်ထားသည့် ကန့်သတ်နယ်မြေထဲသို့ ပျံသန်းဝင်ရောက်လာသည့် လေယာဉ်ကို ရေဒါမှတစ်ဆင့် ချက်ချင်းသိရှိသည့်အတွက် လမ်းကြောင်းအတိုင်းပျံသန်းရန် လေကြောင်း ထိန်းမျှော်စင်မှ လေယာဉ်မှူးကို ချက်ချင်းအကြောင်းကြားခဲ့ကြောင်း၊ ထို့နောက်လေယာဉ်မှူးကို စစ်ဆေးချက်အရ လေယာဉ်တက်ပြီး ခဏအကြာတွင် ရာသီဥတု မကောင်း၍ လေယာဉ်ကို ဘယ်ဘက်သို့ ချိုးကွေ့ရာမှ တားမြစ်နယ်မြေထဲသို့ ရောက်သွားရသည်ဟုဖြေဆိုခဲ့ကြောင်း၊ ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ရာမှ ထိုကဲ့သို့ဖြစ်သွားသည်ဟုကြောင်း၊ သို့ရာတွင် နိုင်ငံတကာတွင်လည်း တားမြစ်ထားသည့်နေရာများကို ဝင်ခွင့်မရှိဟု သတ်မှတ်ထားပြီးသားဖြစ်ကြောင်း၊ ယင်းကြောင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent