မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မွန်ပြည်နယ် ရေးမြို့တွင် ယနေ့စတင်ပြုလုပ်မည်

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မွန်ပြည်နယ် ရေးမြို့တွင် ယနေ့စတင်ပြုလုပ်မည်
Published 5 May 2018

မွန်လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် ပြင်ဆင်နေမှုများအား မေ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

မွန်ပြည်သစ်ပါတီ၏ ဦးဆောင်မှုဖြင့် ပြုလုပ်သည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယနေ့ (မေ ၅  ရက်) မှစတင်ကာ မွန်ပြည်နယ် ရေးမြို့တွင် ပြုလုပ်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးနောက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား လပိုင်းအတွင်း အကောင်အထည်ဖော် ပြုလုပ်နိုင်ခြင်းဖြစ်သည်။

“မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအတွက် အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ဆွေးနွေးပွဲကို တက်ရောက်ကြမယ့် ကိုယ်စားလှယ်အရေအတွက်က ၅၀၀ ကျော်ရှိမယ်။ မနက်ဖြန်မှာ ပြုလုပ်မယ့် ဖွင့်ပွဲအခမ်းအနားကိုတော့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ NRPC တို့၊ PC တို့၊ JMC စသည်ဖြင့် အစုအဖွဲ့တွေက ပုဂ္ဂိုလ်တွေ တက်ရောက်ကြမှာပါ” ဟု မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီအ တွင်းရေးမှူး ဦးမင်းအောင်ထူးက The Daily Eleven သတင်းစာသို့ပြောကြားသည်။

အဆိုပါ မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မေ ၇ ရက်ထိ ပြုလုပ်မည်ဖြစ်ပြီး ရေးမြို့ရှိ အားကစားရုံ၊ အထက်တန်းကျောင်းနှင့် တစ်ပလ္လင်နှစ်ဆူ ဓမ္မာရုံတို့တွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် မြေယာနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာကဏ္ဍများကို နေရာများခွဲကာ ဆွေးနွေးရန် လျာထားကြောင်း ဦးမင်းအောင်ထူးက ပြောကြားသည်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ စသည့်ကဏ္ဍငါးရပ်ကို အဓိကထား ဆွေးနွေးသွားဖို့ရှိတယ်။ အဲဒီ ကဏ္ဍငါးရပ်ကနေပြီး အသေးစိတ်အကြောင်းအရာအလိုက် ဆွေးနွေးသွားဖို့ ရှိပါတယ်။ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ အဓိကအားဖြင့် NCA က ပေးထားတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း တခြားတိုင်းရင်းသားတွေနဲ့ နည်းတူဖက်ဒရယ်စနစ်ကို အခြေခံတဲ့ အကြံပြုချက်တွေကို တင်ပြဆွေးနွေးဖို့ ရည်ရွယ်ထားပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့အတွက်ကို အကြံပြုဆွေးနွေးသွားဖို့လည်း ရှိပါတယ်” ဟု မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲသို့တက်ရောက်ဆွေးနွေးခွင့် ရရှိထားသည့် မွန်အမျိုးသားပါတီမှ အတွင်းရေးမှူး (၂) ဖြစ်သူ နိုင်စိုးမြင့်က ပြောကြားသည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ အပါအဝင် မွန်နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဖိတ်ကြားသင့် ဖိတ်ကြားထိုက်တဲ့ ပုဂ္ဂိုလ်များ အပါအဝင် အင်အား ၅၀၀ ကျော် တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

NCA စာချုပ်တွင် မွန်ပြည်သစ်ပါတီ လက်မှတ်မရေးထိုးမီ ယခင်ပါဝင်လက်မှတ်aရးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့အနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲကျင်းပခွင့် ရရှိထားသော်လည်း အကြို လူထုတွေ့ဆုံပွဲများ တားမြစ်ခံရသည့်ကိစ္စရပ်ကြောင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ပြုလုပ်ခြင်းမရှိဘဲ ယာယီရွှေ့ဆိုင်းထားပြီး လက်ရှိတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး အစိုးရဘက်မှ RCSS/SSA သို့ရွေးချယ်နိုင်ရန် နည်းလမ်းများ ကမ်းလှမ်းထားသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာဆုံးဖြတ် ဆောင်ရွက်မည်ဖြစ်ကြောင်း RCSS ဘက်က ထုတ်ပြန်ထားခြင်းမရှိပေ။

Most Read

Most Recent