ဆန်စပါးနှင့် ပဲမျိုးစုံ အပါအဝင် လယ်ယာထွက်ကုန်သီးနှံများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လေ့လာပြီး တောင်သူများ တွက်ခြေကိုက်သည့် ဈေးကွက်နှင့် ဈေးနှုန်းရရှိအောင် ဆောင်ရွက်ရမည်ဟုဆို

ဆန်စပါးနှင့် ပဲမျိုးစုံ အပါအဝင် လယ်ယာထွက်ကုန်သီးနှံများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လေ့လာပြီး တောင်သူများ တွက်ခြေကိုက်သည့် ဈေးကွက်နှင့် ဈေးနှုန်းရရှိအောင် ဆောင်ရွက်ရမည်ဟုဆို
Published 18 March 2018

ဧရာဝတီတိုင်း ကျေးလက်တစ်ခုတွင် ပြီးခဲ့သည့် မိုးစပါးပေါ်ချိန်က မြင်ကွင်း (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

ဆန်စပါးနှင့် ပဲမျိုးစုံ အပါအဝင် လယ်ယာထွက်ကုန်သီးနှံများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လေ့လာပြီး တောင်သူများ တွက်ခြေကိုက်သည့် ဈေးကွက်နှင့် ဈေးနှုန်းရရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ ဒုတိယအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ကို တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ အဓိက စိုက်ပျိုးသီးနှံများဖြစ်သည့် ဆန်စပါး၊ ပဲမျိုးစုံတို့နှင့် စပ်လျဉ်း၍ တောင်သူများသင့်တင့် မျှတသော ဈေးနှုန်းနှင့် ဈေးကွက်ရရှိရေးတို့အတွက် ကူညီပံ့ပိုးဆောင်ရွက်ရန် တာဝန်ရှိကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများ၌ ယခုနှစ်ထွက်ရှိသော ပဲစင်းငုံများသည် မိုးရွာသွန်းမှုကြောင့် သီးနှံအရည်အသွေး ညံ့ဖျင်းခြင်းနှင့် ဈေးနှုန်းမတည်ငြိမ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများရှိကြောင်း၊ ထို့ကြောင့် တောင်သူများ၏ ထိခိုက်နစ်နာမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် အစီအမံများကို ဖော်ထုတ်ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

နှစ်စဉ်ဆန်စပါး အခြေခံဈေးနှုန်းများ ထုတ်ပြန်ခြင်းကို မိုးစပါးအတွက် မတ်နှင့် ဧပြီတွင်လည်းကောင်း၊ နွေစပါးအတွက် နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင်လည်းကောင်း ထုတ်ပြန် ကြေညာပေးရန် နိုင်ငံတော်အစိုးရထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ၂၀၁၈ ခုနှစ် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအဖြစ် တင်း ၁၀၀ လျှင် ကျပ်ငါးသိန်း သတ်မှတ်ခဲ့ကြောင်း သိရသည်။

Most Read