သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် အမျိုးသားတစ်ဦးကိုသတ်ပြီး မော်တော်ဆိုင်ကယ် လုယက်မှုဖြစ်ပွား

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် အမျိုးသားတစ်ဦးကိုသတ်ပြီး မော်တော်ဆိုင်ကယ် လုယက်မှုဖြစ်ပွား
Published 30 March 2024

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် မတ် ၂၉ ရက် ညပိုင်းက အမျိုးသားတစ်ဦးအား သတ်ဖြတ်ကာ မော်တော်ဆိုင်ကယ်လုယက်သွားမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ သာသနာလမ်းနေ အသက် ၄၃ နှစ်အရွယ် ကိုရဲဝင်းထွန်း ဆိုသူမှာ မတ်လ ၂၉ ရက် ညနေပိုင်းတွင်  ၎င်း၏အသိတစ်ယောက်နှင့် သွားတွေ့မည်ဟု ဇနီးဖြစ်သူအား ပြောဆိုပြီး ဆိုင်ကယ် နှင့် ရန်ကုန် - မော်လမြိုင်ကားလမ်းဘေးရှိ အကောင်းကြိုက် လက်ဖက်ရည်ဆိုင်ဘက်သို့ ထွက်သွားပြီးနောက် နေအိမ်သို့ ပြန်မရောက်လာသည့်အတွက် မိသားစုဝင်များမှ သက်ဆိုင်ရာသို့ လူပျောက်တိုက်တန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကိုရဲဝင်းထွန်းရဲ့ မိသားစုဝင်တွေက ရဲစခန်းမှာ လူပျောက်တိုက်ချက်သွားဖွင့်ထားသလို နီးစပ်ရာနေရာတွေကိုလည်း လိုက်လံရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ (မတ်လ ၃၀ ရက်နေ့) မနက်ပိုင်းမှာ အကောင်းကြိုက် လက်ဖက်ရည်ဆိုင်အနောက်ဘက် သက္ကရွာဘက် သွားတဲ့လမ်းဘေးရေမြောင်းထဲမှာ ထိုးသွင်းဒဏ်ရတွေနဲ့ သေဆုံးနေတဲ့ ကိုရဲဝင်းထွန်း ရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရတာပါ" ဟု ပြောကြားသည်။

သို့သော် ကိုရဲဝင်းထွန်း စီးနင်းသွားသည့် မော်တော်ဆိုင်ကယ်မှာ ပျောက်ဆုံးနေ‌ကြောင်းနှင့် လူသတ်ကာ ဆိုင်ကယ်လုယက်သွားသည့် သဘောမျိုးဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ကိုရဲဝင်းထွန်း ၏ ရုပ်အလောင်းအား ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်း (နောင်ဘို) မှ အခင်းဖြစ်နေရာသို့ သွားရောက်ကာ သယ်ယူပြီးနောက် သိမ်ဆိပ်တိုက်နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကိုရဲဝင်းထွန်း သေဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

Most Read

Most Recent