အရှိန်ပြင်းစွာမောင်းနှင်သည့် ယာဉ်တစ်စီး လမ်းဘေးကျွန်းပင်ကိုဝင်တိုက်မိပြီး ယာဉ်ပေါ်လိုက်ပါလာသူ ခုနစ်ဦးစလုံး ဒဏ်ရာရ

အရှိန်ပြင်းစွာမောင်းနှင်သည့် ယာဉ်တစ်စီး လမ်းဘေးကျွန်းပင်ကိုဝင်တိုက်မိပြီး ယာဉ်ပေါ်လိုက်ပါလာသူ ခုနစ်ဦးစလုံး ဒဏ်ရာရ
Published 14 February 2018

လမ်းဘေးကျွန်းပင်ကို ဝင်တိုက်မှုှုဖြစ်ပွားခဲ့သည့်ယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-ညီနောင်လူမှုကယ်ဆယ်ရေးအဖွဲ့)

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်-ဝှေ့ရှမ်း၊ မဲပလဲ့ ကားလမ်းတွင် အရှိန်ပြင်းစွာမောင်းနှင်သည့် ယာဉ်တစ်စီး လမ်းဘေးကျွန်းပင်ကိုဝင်တိုက်ခြင်းကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ခုနစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် နံနက်က ညီနောင်-ဝှေ့ရှမ်း မဲ့ပလဲ့လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် သင်္ဃန်းညီနောင်ရဲစခန်းမှူး ရဲအုပ်မြဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် သင်္ဃန်းညီနောင်ရာအိမ်မှူး ဦးမောင်ဦးနှင့် နာရေးကူညီမှုအသင်းမှ ယာဉ်နှစ်စီးနှင့်အတူ အခင်းဖြစ်ရာ နေရာသို့သွားရောက်စစ်ဆေးရာ ဝှေ့ရှမ်းကျေးရွာဘက်မှ သင်္ဃန်းညီနောင်ဘက်သို့ ယာဉ်မောင်းရဲမင်းသူ (၂၅ နှစ်) မောင်းနှင်လာသော နယ်ခြားစောင့်တပ် (၁၀၂၂) မှ Surf အမျိုးအစား အနက်ရောင်ယာဉ်မှာ ဝှေ့ရှမ်းကျေးရွာမှ အလုပ်သမားခုနစ်ဦးအား သစ်တင်ရန်အတွက် တင်ဆောင်မောင်းနှင်လာစဉ် ဝှေ့ရှမ်းရွာအထွက် ကျွန်းတောကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကျွန်းပင်အား ဝင်တိုက်မိရာ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါအလုပ်သမား ခုနစ်ဦးစလုံး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသော လူနာများအား သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအသင်းသားများက ရဲမှုခင်းဆေးစာနှင့်အတူ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်ပါအလုပ်သမား ခုနစ်ဦးမှာ ဝှေ့ရှမ်းရွာသားများဖြစ်သော ရှိုင်းလင်းအောင် (၂၆ နှစ်)၊ လှမျိုးအောင် (၂၃ နှစ်)၊ သူရဝင်း (၄၀ နှစ်)၊ ဇော်ဝင်း (၄၆ နှစ်)၊ ငြိမ်းချမ်းအောင် (၁၈ နှစ်)၊ နေမင်း (၃၈ နှစ်)၊ ကိုစု (၁၇ နှစ်) တို့ဖြစ်ပြီး ယာဉ်မောင်း ရဲမင်းသူ (၂၅ နှစ်) မှာလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ၎င်းတို့အနက် ရှိုင်းလင်းအောင် (၂၆ နှစ်)၊ သူရဝင်း (၄၀ နှစ်) နှင့် ဇော်ဝင်း (၄၆ နှစ်) တို့မှာ စိုးရိမ်ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သည့် မြဝတီမြို့နယ် ပွင့်လင်းအေးမြိုင်ကျေးရွာနေ ယာဉ်မောင်းရဲမင်းသူ (၂၅ နှစ်) အား ရဲအုပ်မြဝင်းက တရားလိုပြုလုပ်တိုင်ကြားရာ သင်္ဃန်းညီနောင်ရဲစခန်းက ယာဉ် (ပ) ၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent