မတ်လအတွင်း ကျပ် ၂၀၀၀၀ တန် ထွက်ရှိမည်ဆိုသည်မှာ သတင်းတု၊ သတင်းမှားသာဖြစ်ဟု ဗဟိုဘဏ် ထုတ်ပြန်

မတ်လအတွင်း ကျပ် ၂၀၀၀၀ တန် ထွက်ရှိမည်ဆိုသည်မှာ သတင်းတု၊ သတင်းမှားသာဖြစ်ဟု ဗဟိုဘဏ် ထုတ်ပြန်
Published 26 February 2024

မတ်လအတွင်း ကျပ် ၂၀၀၀၀ တန် ငွေစက္ကူများ ထွက်ရှိမည်ဆိုသည့်သတင်းမှာ သတင်းတု၊ သတင်းမှာဖြစ်ကြောင်း ဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၆ ရက်က အသိပေးချက်ထုတ်ပြန်သည်။

လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် မတ်လအတွင်း ၂၀,၀၀၀/-ကျပ်တန်များ  ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကြောင့် မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

၂၀,၀၀၀/-ကျပ်တန် ငွေစက္ကူအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အများပြည်သူများအား ဟောင်းနွမ်းငွေစက္ကူများဖြင့် အထိမ်းအမှတ် ထုတ်ဝေခဲ့သည့် ၂၀,၀၀၀/-ကျပ်တန် အသစ်များအား အကန့်အသတ်ဖြင့်သာ လဲလှယ်ဆောင်ရွက်ပေးလျက်ရှိသည်။

၎င်းဖြစ်ပေါ်နေသော သတင်းများသည် ငွေကြေးဈေးကွက်ကို ကမောက်ကမဖြစ်အောင်၊ ပြည်သူများ အထိတ်တလန့်ဖြစ်အောင် ဝိသမလောဘသမားများက ဆောင်ရွက်နေခြင်းသာဖြစ်သည်။

နိုင်ငံခြားသုံးငွေကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၁၀) နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် (၁၅) တို့အရ ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် တရားဝင်နည်းလမ်းမှ ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ (သို့မဟုတ်) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို ခြောက်လအတွင်း ကိုင်ဆောင်ခွင့်ရှိသည့်အချက်အား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ ဥပဒေနှင့်ကိုက်ညီမှုမရှိဘဲ နိုင်ငံခြားငွေများအား ကိုင်ဆောင်ဈေးကစားနေသူများကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်သည့်အပြင် လက်ရှိလည်း အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ဖြစ်ပေါ်နေသောသတင်းများသည် ကောလာဟလ သတင်းများသာဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးအပ်သည်။

Most Read

Most Recent