ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ယနေ့ပြုလုပ်မည်

ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ယနေ့ပြုလုပ်မည်
Published 29 January 2018

ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက် (ယနေ့) တွင်ပြုလုပ်မည်ဖြစ်ရာ ယင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပိုလျှံရန်ပုံ ငွေများကို ခွဲဝေသုံးစွဲနိုင်ရေးအတွက် အတည်ပြုနိုင်ရေး လွှတ်တော်တွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်သဖြင့် ယင်းအဖွဲ့အား အတည်ပြု မပြုကို လွှတ်တော်အတွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယ ဥက္ကဋ္ဌထံမှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက “အချိန် အခြေအနေအရ အရေးပေါ်လွှတ်တော်လို့ ခေါင်းစဉ်တပ်လိုက်ရတယ်။ အဓိကတော့ အကြောင်းအရာနှစ်ခုကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပထမအချက်က ဌာနတွေအနေနဲ့ ဒီဇင်ဘာလကုန်အတွင်းမှာ သုံးဖို့မလိုတော့ဘဲ ပိုလျှံတဲ့ငွေတွေပေါ့။ အဲဒီငွေတွေကို အပ်ရတယ်။ ကုန်သွယ်ခွန်တွေ၊ အခွန်တွေကိုလည်း အပ်ရတယ်။ ဆိုတော့ ဘယ်လိုသုံးစွဲမှာလဲဆိုတဲ့ အချက်တွေကို ဆွေးနွေးသွားမှာဖြစ်တယ်။ နောက်တစ်ချက်က မြောက်ဦးဖြစ်စဉ်အတွင်းမှာ ဖြစ်ပွားခဲ့ခြင်းကို ပြည်နယ်လွှတ်တော်က စုံစမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပေးဖို့တောင်းဆိုလာတဲ့အတွက် ဖွဲ့စည်းလိုက်တယ်။ အဲဒါကို အတည်ပြုဖို့အတွက် ခေါ်ယူရခြင်းလည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြောက်ဦးမြို့နယ်တွင် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းကဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါစုံစမ်းစစ်ဆေးရေး ကော်မတီကို ၂၀၁၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၁၆၇)၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄၊ ၂၅ နှင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂၊ နည်းဥပဒေခွဲ(က)၊ (ခ)တို့ အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး လွှတ်တော် ကိုယ်စားလှယ်ခြောက်ဦးနှင့် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များဆိုင်ရာ အကြံပေးအဖွဲ့ဝင်နှစ်ဦး ပါဝင်ကြောင်း သိရသည်။ မြောက်ဦးဖြစ်စဉ်အတွင်း ခုနစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့သဖြင့် ဒေသခံများက ဝေဖန်မှုများပြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent