မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းတွင် ဧရာဝတီမြစ်ကြီး၏ အရေးကြီးသောအခန်းကဏ္ဍနှင့် စပ်လျဉ်း၍ လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းတွင် ဧရာဝတီမြစ်ကြီး၏ အရေးကြီးသောအခန်းကဏ္ဍနှင့် စပ်လျဉ်း၍ လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Published 25 January 2018

မြန်မာ့စီးပွားရေးနှင့် လူ့အဖွဲ့အစည်းတွင် ဧရာဝတီမြစ်ကြီး၏ အရေးကြီးသော အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပစဉ်

မြန်မာ့စီးပွားရေးနှင့် ဧရာဝတီမြစ်၏ အရေးကြီးသောအခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF-Myanmar) နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်က မန္တလေးမြို့ ၃၁ လမ်း၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြားရှိ ရတနာပုံဟိုတယ်၌ ကျင်းပကြောင်း သိရသည်။

“အဓိက,က ဧရာဝတီမြစ်ကြီးနဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ ဆက်နွှယ်ပြီးတော့ ဘယ်မှီတည်နေရလဲ။ မှီတည်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကတစ်ဆင့် ဒီမြစ်ကြီးရဲ့ဆိုးကျိုးတွေကို ဘယ်လိုလုပ်မိနေသလဲ။ အဲဒီဆိုးကျိုးတွေကို အခုလတ်တလောမှာသိရှိပြီး အနာဂတ်မှာ ဘယ်လိုထိန်းသိမ်းဆောင်ရွက်သွားကြမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်ပါတယ်။ အဖွဲ့ပေါင်းစုံက ဒီမှာလာရောက်ဆွေးနွေးတဲ့အခါ သူ့အခန်းကဏ္ဍအလိုက် ပါဝင်ဆွေးနွေးသွားတာဖြစ်ပါတယ်” ဟု WWF-Myanmar မှ ရေချိုအရင်းအမြစ် အစီအစဉ်နှင့် မူဝါဒဆိုင်ရာ မန်နေဂျာ ဆာမီတော်နီကော့စကီးက ပြောကြားသည်။

စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များတွင် မြစ်ချောင်းများနှင့် ဂေဟစနစ်၏အကျိုးပြုမှုများကို ထိခိုက်မှုမရှိစေဘဲ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်များသို့ ဖော်ဆောင်ပေးနိုင်ရန်နှင့် နိုင်ငံ့အကျိုးလုပ်ဆောင်နေသူများအတွက် လက်တွေ့အသုံးချနိုင်သော သတင်းအချက်အလက်များကို ပေးပို့နိုင်ရန်ရည်ရွယ်၍ မြန်မာ့စီးပွားရေးနှင့် ဧရာဝတီမြစ်၏ အခန်းကဏ္ဍ (Rite) စီမံကိန်းကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အစိုးရဌာနဆိုင်ရာများ၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF-Myanmar) နှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြကာ ထိုဧရာဝတီမြစ်ကြီးမှ ရေအားလျှပ်စစ်ထုတ်ယူမှုကြောင့် ဖြစ်ပေါ်လာသည့် ကောင်းကျိုး၊ ဆိုးကျိုးများ၊ ဧရာဝတီမြစ်ကိုအမှီပြု၍ ခရီးသွားလုပ်ငန်းများလုပ်ဆောင်ခြင်းမှ ဖြစ်ပေါ်လာသည့် ကောင်းကျိုး၊ ဆိုးကျိုးများ၊ စက်ရုံများမှ စွန့်ပစ်ပစ္စည်းများကြောင့် ထိခိုက်မှုများ၊ ဧရာဝတီမြစ်အတွင်းရှိ ရေချိုငါးများဖြင့် အသက်မွေးဝမ်းကျောင်းပြုမှုတို့ကြောင့် ဆိုးကျိုး၊ ကောင်းကျိုးများ၊ စိုက်ပျိုးရေးနှင့် ဧရာဝတီမြစ်၏ ပတ်သက်ဆက်နွှယ်နေသည့် အကောင်းအဆိုးများကို ကဏ္ဍခွဲ၍ အသီးသီးဆွေးနွေးတင်ပြခဲ့သည်။

ထိုစီမံကိန်း၏ ကာလမှာတစ်နှစ်ဖြစ်ပြီး စီမံကိန်း၏ အကြိုလုပ်ဆောင်မှုအနေဖြင့် အချက်လက်များကောက်ယူခြင်း၊ စစ်တမ်းများလေ့လာခြင်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကာ ဧပြီနှင့် မေလအတွင်း လူထုတွေ့ဆုံပွဲ ဆက်လက်ကျင်းပနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ဇွန်၊ ဇူလိုင်လတွင် အပြီးသတ်လုပ်ဆောင်မည်ဖြစ်သည်။

Most Read

Most Recent