မိုင်းခေါင် စစ်ရှောင်သုံးဦး အသတ်ခံရမှုတွင် တပ်ရင်းမှူး အပါအဝင် တပ်မတော်သား ခြောက်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

မိုင်းခေါင် စစ်ရှောင်သုံးဦး အသတ်ခံရမှုတွင် တပ်ရင်းမှူး အပါအဝင် တပ်မတော်သား ခြောက်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်
Published 21 January 2018

မိုင်းခေါင် စစ်ရှောင်သုံးဦး အသတ်ခံရမှုမှ တပ်ရင်းမှူး အပါအဝင် တပ်မတော်သား ခြောက်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ဇန်နဝါရီ ၁၉ ရက်က ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

မန်စီမြို့အခြေစိုက် ခမရ (၃၁၉) တပ်ရင်း ဓမ္မာရုံတွင် စစ်ခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်မှ ရာသက်ပန် ထုတ်ပယ်ခဲ့ပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း တရားလိုဘက်မှ လိုက်ပါသူများက ဆိုသည်။

မိုင်းခေါင် KBC စစ်ရှောင်စခန်း တာဝန်ခံ ဦးနော်မိုင်က “မန်စီ ခမရ (၃၁၉) မှာပဲ အမိန့်ချတာပါ။ သူတို့အားလုံးက လက်ထိပ်တွေနဲ့။ သူတို့မိသားစုတွေက မလာကြဘူး။ ကျွန်တော်တို့အဖွဲ့က သေဆုံးခဲ့တဲ့ ကျန်ရစ်သူ မိသားစုတွေ အဖေတွေ၊ ဇနီးတွေ၊ သား သမီးတွေ လာတယ်။ KBC အသင်းတော်က ကချင်လူမှုအဖွဲ့အစည်းတွေ လာတယ်။ ပြစ်ဒဏ်က တပ်မတော်ကနေ ရာသက်ပန် ထုတ်ပယ်တယ်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။ တပ်ရင်းမှူးရယ်၊ သုံးပွင့် ဗိုလ်စစ်ကြောင်းမှူး၊ နှစ်ပွင့် ဗိုလ်၊ တစ်ပွင့် ဗိုလ်၊ တပ်သား တစ်ယောက်၊ တစ်ရစ် ဆရာတစ်ယောက်ရယ်ပါ။ အကုန်လုံး လက်ထိပ်နဲ့ပါ။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ညွှန်ကြားပြီး ဗန်းမော်ကနေ တပ်ကားနဲ့ ခေါ်လာပါတယ်။ စီရင်ချက်ချပြီး ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိပါဘူး။ အခုစီရင်ချက်ကို ပွင့်လင်းမြင်သာတယ်လို့ ယူဆပါတယ်။အလုပ်နှင့် ၁၀ နှစ်ဆိုတော့ မျှတတယ်လို့ မြင်တယ်။ တပ်မတော်က ဒီလိုပွင့်လင်းမြင်သာစွာ လုပ်တာတော့ ကျေနပ်စရာလို့ မြင်ပါ တယ်” ဟု ပြောကြားသည်။

တရားခွင်တွင် သွားရောက်သူများ ပြောပြချက်အရ တပ်မတော်သား ခြောက်ဦးက အရပ်သား သုံးဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အရပ်သား တစ်ဦး မတော်တဆ ကျည်ဆန်ထိမှန် သေဆုံးရာမှ အခြားနှစ်ဦးကိုပါ သတ်ဖြတ်မှုအထိ ဖြစ်ပေါ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မေ ၂၅ ရက် ညနေပိုင်းက ပျောက်သွားသည့် ကိုမရန်ဘရန်ဆိုင်း (၂၂ နှစ်)၊ ကိုအင်ခွမ်ဂမ်အောင် (၃၁ နှစ်)၊ ကိုလဗျနော်ခွမ် (၂၇ နှစ်) နှင့် ဦးလနန်တို့ လေးဦးသည် ခါ့ပရာရွာမှ ဆိုင်ကယ်ဖြင့် မိုင်းခေါင်သို့ အပြန် မေ ၂၅ ရက် ညပိုင်းက ခမရ (၃၁၉) မှ တပ်ဖွဲ့ဝင်အချို့၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်ပြီး စစ်ရှောင်စခန်းမှ လူ ၃၀ ခန့်နှင့် လိုက်ရှာရာ မေ ၂၈ ရက် ညနေပိုင်းတွင် မိုင်နောင်မှ သုံး မိုင်ခန့်အကွာ တောတွင်းတစ်နေရာတွင် မြေစာပုံကို တူးဖော်ကြည့်ရာမှ အလောင်း သုံးလောင်း တွေ့ရခြင်းဖြစ်ကြောင်း ရှာဖွေရှာတွင် ပါဝင်သည့် စခန်းတာဝန်ခံများက ဆိုသည်။