ကာတာက နိုင်ငံပေါင်း ၈၀ မှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပေး

ကာတာက နိုင်ငံပေါင်း ၈၀ မှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပေး
Published 10 August 2017

ဇွန် ၁၈ ရက်က ပါရီ အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲတွင် တွေ့ရသော ကာတာလေကြောင်းလိုင်း၏ ဘိုးရင်း 777- 300 လေယာဉ်တစ်စင်း (Photo -AFP)

သံတမန်ရေးရာ ပဋိပက္ခအတွင်း အိမ်နီးချင်းနိုင်ငံများ၏ ပစ်ပယ်ခြင်းခံထားရသော ကာတာသည် ၎င်း၏ လေကြောင်းပို့ဆောင်ရေးနှင့် ခရီးသွားကဏ္ဍတို့အား အရှိန်မြှင့်စေရန်အတွက် နိုင်ငံပေါင်း ၈၀ မှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သြဂုတ် ၉ ရက်တွင် ကြေညာခဲ့သည်။ ယင်းဗီဇာကင်းလွတ်ခွင့်ကြောင့် ကာတာသည် ဒေသတွင်း၌ အပွင့်လင်းဆုံး နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း  ကာတာခရီးသွားလုပ်ငန်းဌာန တာဝန်ရှိသူ ဟက်ဆန်အယ်အီဘရာဟင်က ပြောကြားခဲ့သည်။

နိုင်ငံပေါင်း ၈၀ မှ နိုင်ငံသားများသည် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့် စွမ်းအင်ကြွယ်ဝသော ပင်လယ်ကွေ့ နိုင်ငံသို့ ဝင်ရောက်ရန် ခိုင်လုံသော နိုင်ငံကူးလက်မှတ်ကိုပြရန်သာ လိုအပ်မည်ဖြစ်ကြောင်း ကာတာပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ မိုဟာမက်ရာရှက်အယ်မက်ရူအီးက ပြောကြားခဲ့သည်။ ချက်ချင်းသက်ရောက်မည့် ယင်းကင်းလွတ်ခွင့်အစီအစဉ်သည် ဥရောပသမဂ္ဂ၏ Schengen Zone ၊ အနောက်နိုင်ငံအချို့၊ လက်တင်အမေရိကနှင့် အာရှနိုင်ငံများကို အကျုံးဝင်မည်ဖြစ်သည်။ ကာတာက အဖွဲ့ဝင်ဖြစ်သည့် ခြောက်နိုင်ငံပါ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) မှ နိုင်ငံသားများကိုမူ လွတ်လပ်စွာ သွားလာခွင့်ပြုထားပြီးဖြစ်ပြီး လက်ဘနွန်သည် ယင်းစာရင်းတွင်ပါဝင်သော တစ်ခုတည်းသော အာရပ်နိုင်ငံဖြစ်သည်။

ယင်းကင်းလွတ်ခွင့်တွင်ပါဝင်သည့် နိုင်ငံများအား လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ အခြေအနေများ သို့မဟုတ် ယင်းနိုင်ငံများမှ နိုင်ငံသားများ၏ ဝယ်ယူနိုင်စွမ်းကို အခြေပြု ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းနိုင်ငံများအနက် နိုင်ငံ ၃၃ နိုင်ငံမှ နိုင်ငံသားများသည် ကာတာတွင် ရက် ၁၈၀ ကြာနှင့် ကျန် ၄၇ နိုင်ငံမှ နိုင်ငံသားများသည် ရက် ၃၀ ရက်အထိနှင့် နောက်ထပ်တစ်ကြိမ် သက်တမ်းတိုး နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။ ယခုနှစ်တွင် နောက်ထပ် မြို့သစ် ၆၂ မြို့သို့ တိုးချဲ့ပြေးဆွဲရန်စီစဉ်နေသည့် ကာတာလေကြောင်းလိုင်း၏ အကြီးအကဲ အက္ကဘာအယ်ဘက္ကာက ၎င်းတို့လေကြောင်းလိုင်းသည် အဓိကအကျိုး ဖြစ်ထွန်းမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

ကာတာသည် သြဂုတ် ၃ ရက်ကလည်း နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကာတာအကျိုးစီးပွားအတွက် လုပ်ဆောင်ပေးခဲ့သူများ အပါအဝင် သတ်မှတ်ပြည်ပနိုင်ငံသားများကို အမြဲတမ်းနေထိုင်ခွင့်ပေးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ယင်းစည်းမျဉ်းသစ်များအရ ကာတာအတွက် တာဝန်ထမ်းဆောင်ခဲ့သော သို့မဟုတ် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေသော ကျွမ်းကျင်မှုများရှိသည့် နိုင်ငံခြားသားများနှင့်အတူ ကာတာမိခင်နှင့် နိုင်ငံခြားသားဖခင်တို့မှ မွေးဖွားသည့် ကလေးများသည် အမြဲတမ်းနေထိုင်ခွင့် ရရှိနိုင်မည်ဖြစ်သည်။

ယင်းအမြဲတမ်းနေထိုင်ခွင့် ရရှိသူများအား ကာတာနိုင်ငံသားများကဲ့သို့ပင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့်ကဲ့သို့ အခမဲ့ အများပြည်သူဝန်ဆောင်မှုများကို တန်းတူခံစားခွင့်လည်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကာတာ၏စုစုပေါင်း လူ ဦးရေ ၂ ဒသမ ၄ သန်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများ၌ လာရောက်လုပ်ကိုင်နေသည့် တောင်အာရှမှ နိုင်ငံခြားသား အများအပြားအပါအဝင် နိုင်ငံခြားသား ရာခိုင်နှုန်း  ၉၀ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent