မြဝတီနယ်စပ် ဒေါနတောင်ကျော် အာရှလမ်းသစ်တွင် ဘက်ဟိုး တင်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်ပြီး လူလေးဦးသေဆုံး

မြဝတီနယ်စပ် ဒေါနတောင်ကျော် အာရှလမ်းသစ်တွင် ဘက်ဟိုး တင်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်ပြီး လူလေးဦးသေဆုံး
Published 10 January 2018

မြဝတီနယ်စပ် ဒေါနတောင်ကျော် အာရှလမ်းသစ်၊ ကော့ကရိတ်မြို့မရဲစခန်းနှင့် ခုနစ်မိုင်ခန့်အကွာ နတ်စင်ကွေ့ကုန်းဆင်း အနီး၊ မိုင်တိုင် ၁၅၄KM နှင့် -၁၅၅KM  ကြားတွင် ဇန်နဝါရီ ၈ ရက် ည ၁၁ မိနစ် ၃၀ ခန့်က ဘက်ဟိုးတင်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်ပြီး လူလေးဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့မရဲစခန်း အရှေ့တောင်ဘက် ခုနစ်မိုင်ခန့်အကွာ နတ်စင်ကွေ့ကုန်းဆင်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကာ လူလေးဦး သေဆုံးကြောင်း သတင်းရရှိသဖြင့် ကော့ကရိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထူးအောင်ရွှေ၊ တာဝန်မှူးရဲအရာခံ တင်လှ၊ ယာဉ်ထိန်းရဲတပ်စု ၇၁  မှ ရဲအုပ်သန်းနိုင်ရွှေနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေလူကြီးများ သွားရောက်စစ်ဆေးခဲ့သည်။

မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ဒေါနတောင်ကျော် အာရှလမ်းသစ်အတိုင်း ဘက်ဟိုးတင်ဆောင်လာသည့် ယာဉ်အမှတ် 5D/---- ၂၂ ဘီးယာဉ် အဖြူရောင်သည် အဆိုပါကုန်းဆင်း လမ်းကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တွဲယာဉ်အမှတ် TLR 8745 တင်ဆောင်လာသည့် ဘက်ဟိုးယာဉ်မှာ ချောက်ကမ်းအတွင်း ထိုးကျသွားစဉ် အရှေ့မှ မောင်းနှင်နေသော ကင်န်တာအဖြူရောင်ယာဉ်အား ပွတ်တိုက်မိပြီး ရှေ့ကိုက် ၁၀၀ ခန့် အရောက်တွင် တွဲယာဉ်များ ဦးခေါင်းတစ်ပတ်လည်ပြီး ပက်လက်လန် အနေအထားဖြင့် တိမ်းမှောက် သွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှုကြောင့် တွဲယာဉ်ပေါ်တွင် တွဲယာဉ်မောင်းနှင်သူ၊ ယာဉ်နောက်လိုက် အပါအဝင်  လိုက်ပါလာသူ မျိုးမင်းအောင်(၂၀ နှစ်)၊ (ဘ)ဦးမင်းမင်း၊ ရှားတောဂျမ်းလွန်ကျေးရွာ၊ မိတ္ထီလာမြို့နေသူ၊ လှမင်းသော် (၃၅ နှစ်)တို့မှာ ပိပြားကာ သေဆုံးခဲ့ကြောင်းသိရပြီး ရန်မျိုးအောင် (၂၂  နှစ်) (ဘ) ဦးမင်းမင်း၊ မိတ္ထီလာမြို့နယ်နေသူမှာ ယာနားပြတ်ရှ၊ ယာခါး၊ ဗိုက်၊ ခြေသလုံး ပေါက်ပြဲဒဏ်ရာရရှိကာ စိုးရိမ်ရသည့် အနေအထား ရှိခြင်းကြောင့် ကော့ကရိတ်ဆေးရုံသို့တင်ပို့ကုသ လိုက်ရကြောင်း သိရသည်။

သို့ဖြစ်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရရှိစေခဲ့သူ ယာဉ်မောင်း (သေဆုံး၊ အမည်နေရပ်စုံစမ်းဆဲ) အား ကော့ကရိတ်မြို့မ ရဲစခန်းမှ ယာဉ်(ပ) ၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၄ (က) ဖြင့် အမှုဖွင့်လှစ်ထားသည်။

Most Read

Most Recent