အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် လေးလကြာ ပိတ်ထားခဲ့ရသည့် မောင်တောမြို့မ စည်ပင်သာယာရေးဈေး ပြန်လည်ဖွင့်လှစ်

အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် လေးလကြာ ပိတ်ထားခဲ့ရသည့် မောင်တောမြို့မ စည်ပင်သာယာရေးဈေး ပြန်လည်ဖွင့်လှစ်
Published 27 December 2017

ဒီဇင်ဘာ ၂၆ ရက်က ပြန်လည်ဖွင့်လှစ်သည့် မောင်တောမြို့မဈေးကို တွေ့ရစဉ်

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် လေးလ ကြာ ပိတ်ထားခဲ့ရသည့် မောင်တောမြို့မ စည်ပင်သာယာရေး ဈေးကို ဒီဇင်ဘာ ၂၆ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့မ စည်ပင်သာယာဈေးကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီမှ စတင်ဖွင့်လှစ်ခဲ့ပြီး ပြန်လည် ဖွင့်လှစ်သည့်နေ့တွင် ဈေးဆိုင် ၁၀၀ ကျော် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ဒီကနေ့ ဈေးကြီးစဖွင့်တယ်။ ဒါပေမဲ့ ဈေးဆိုင်တွေအားလုံး မဖွင့်နိုင်သေးဘူး။ နည်းနည်းလေးသာ ဖွင့်တယ်။ ဈေးဝယ်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တော်တော်ကို နည်းနေသေးပါတယ်” ဟု မောင်တောမြို့ခံ တစ်ဦးက ပြောကြားသည်။

ဈေးပြန်လည် ဖွင့်လှစ်သော်လည်း ဈေးအတွင်း အဖျက်အမှောင့် လုပ်ရပ်များ ဖြစ်ပေါ်မလာစေရေး၊ ဈေးရောင်းသူ၊ ဈေးဝယ်သူများ လုံခြုံမှုရှိရေးနှင့် ဈေးလုံခြုံရေးအတွက် လုံခြုံရေးကင်မရာ စီစီတီဗွီ ၁၆ လုံးအား တပ်ဆင်ထားကြောင်း သိရသည်။

မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရွှေမောင်က “ကျွန်တော်တို့မြို့ ဈေးပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဒီဇင်ဘာ ၁၉ ရက်ကနေ စည်ပင်သာယာရေးကော်မတီ အစည်းအဝေး ထိုင်ပါတယ်။ စည်ပင်ယာယာရေး ကော်မတီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဇင်ဘာ ၂၆ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဈေးဖွင့်လှစ်ဖို့အတွက် ဈေးရောင်းသူရော၊ ဈေးဝယ်သူရော သိအောင် ကြေညာခဲ့ပါတယ်။ ဈေးလုံခြုံရေး အတွက်လည်း စီစီတီဗွီ ကင်မရာတွေလည်း တပ်ဆင်ပြီးပါပြီ” ဟု ပြောကြားသည်။

မောင်တော မြို့မဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၄၅၃ ခန်း ရှိကြောင်းနှင့် အများစုမှာ ဘင်္ဂါလီပိုင် ဆိုင်ခန်းများ ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့မ စည်ပင်သာယာဈေးကြီးကို မောင်တောနယ်စပ် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် သြဂုတ် ၂၅ ရက် ကတည်းက ပိတ်ထားခဲ့ရခြင်း ဖြစ်ကြောင်းနှင့် လက်ရှိအနေအထားတွင် တည်ငြိမ်မှု ရရှိလာပြီ ဖြစ်သဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဈေးလုံခြုံရေးအတွက် စီစီတီဗွီ ၂၄ လုံးအထိ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ သြဂုတ် ၂၅ ရက်က ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မောင်တောခရိုင်အတွင်း ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို လေးလတိတိ ပြည့်သည့် ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက ထပ်မံသက်တမ်းတိုး ထုတ်ပြန်ခဲ့သည်။ မောင်တောမြို့၏ ညမထွက်ရ အမိန့်မှာ ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent